YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health March 20, 2023

မပေါ့ဆဘဲ ဂရုတစိုက်ရှိသင့်တဲ့ အသည်းကျန်းမာရေး

လူ့ခန္ဓာကိုယ်အစိတ်အပိုင်းမှာ အရေပြားပြီးရင် ဒုတိယမြောက်အကြီးဆုံးဖြစ်တဲ့ အသည်းဟာဆိုရင် အရွယ်အစားပမာဏ ကြီးသလောက် သူဆောင်ရွက်ရတဲ့လုပ်ငန်းဆောင်တာတွေကလည်း များပြားလှပါတယ်။ ညာဘက်ဝမ်းဗိုက် နံရိုးအိမ်ရဲ့ အောက်မှာတည်ရှိနေတဲ့ အသည်းက အစာချေဖျက်ခြင်းနဲ့ ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာကြောင့် အသည်းကျန်းမာဖို့ဆိုတာဟာ အလွန်အရေးကြီးတဲ့ကိစ္စတစ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့် ဒီအပတ်ရဲ့ Healt Tips အစီအစဉ်မှာတော့ အသည်းကျန်းမာရေးနဲ့ပတ်သက်ပြီး သိရှိထားသင့်တဲ့အကြောင်းအရာတွေကို တင်ဆက်ပေးလိုက်ပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့အတိုင်း အသည်းဟာ အစာချေဖျက်ခြင်းနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးခြင်းအပြင် သွေးတွင်းသကြားဓာတ်ပမာဏကိုလည်း ထိန်းညှိပေးပြီး ဗီတာမင်တွေကိုလည်း သိုလှောင်ပေးတာကြောင့် အသည်း ကျန်းမာဖို့အတွက် သေချာထိန်းသိမ်းဂရုပြုသင့်ပါတယ်။ အဲဒီလိုမှမဟုတ်ဘဲ အသည်းကိုထိခိုက်စေနိုင်တဲ့ အရက်သေစာသောက်သုံးခြင်း၊ အစားအသောက်ကိုအလွန်အမင်းလျှော့ချခြင်းနဲ့ အ၀လွန်ခြင်းတို့ကို ထိန်းသိမ်းမှုမရှိဘူး ဆိုရင်တော့ အချိန်တစ်ခုကြာမြင့်လာတဲ့အခါမှာ အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ အသည်းကြီးခြင်း၊ အသည်းပျက်စီးခြင်းနဲ့ အသည်းကင်ဆာတို့လိုမျိုး ရောဂါတွေဖြစ်ပေါ်လာပြီး အသက်ဆုံးရှုံးစေနိုင်ပါတယ်။

အသည်းရောဂါဟာ အရက်သောက်ခြင်း၊ အ၀လွန်ခြင်းတို့ကြောင့်အပြင် မိသားစုမျိုးရိုးနဲ့ ဗိုင်းရပ်စ်ပိုးဝင်ခြင်းတို့ကြောင့် လူတိုင်းဖြစ်ပေါ်နိုင်ပြီး အသည်းအဆီဖုံးခြင်းဆိုတာကတော့ လက်ရှိကမ္ဘာတစ်ဝှမ်းကလူတွေများစွာမှာ ဖြစ်ပေါ်လျက် ရှိနေပါတယ်။ ဒါကြောင့်လည်း တချို့သောကျန်းမာရေးပညာရှင်တွေက အသည်းအဆီဖုံးခြင်းဆိုတာ ကမ္ဘာ့ကပ်ရောဂါ ဖြစ်တယ်လို့တောင်မှ သတ်မှတ်ထားကြတာဖြစ်ပါတယ်။ အသည်းအဆီဖုံးတာကို ဆေးဝါးတွေနဲ့ ကုသလို့ရနိုင်တယ် ဆိုပေမယ့်လည်း ကောင်းမွန်စွာကုသခြင်းမပြုဘဲနေလိုက်မယ်ဆိုပါက အသည်းခြောက်တဲ့အဆင့်ကို ရောက်ရှိသွားနိုင် ပါတယ်။ ဒါပေမယ့်လည်း လူတွေအများစုက ကိုယ်အလေးချိန်တက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းတို့ကြောင့် သူတို့ရဲ့ အသည်းမှာအဆီဖုံးနေတယ်ဆိုတာကို လွယ်လင့်တကူသတိမထားမိတတ်ပါဘူး။

အသည်းအဆီဖုံးခြင်းအပါအဝင် တခြားအသည်းရောဂါတွေ ပိုမိုဖြစ်နိုင်တဲ့သူတွေကတော့ အရက်အလွန်အကျွံသောက်တဲ့သူ၊ ဆေးထိုးအပ်တွေမျှဝေသုံးစွဲသူ၊ ဆေးမှင်ကြောင်ထိုးသူ၊ တခြားသူတွေရဲ့ သွေးတွေနဲ့ ကိုယ်တွင်းမှအရည်တွေကို ထိတွေ့မိသူ၊ အကာအကွယ်မဲ့လိင်ဆက်ဆံသူ၊ ဆီးချိုနဲ့ အ၀လွန်ရောဂါရှိသူတို့ပဲဖြစ်ပါတယ်။ အသည်းရောဂါရဲ့ လက္ခဏာတွေကတော့ –

– အသားနဲ့ မျက်လုံးဝါခြင်း၊
– ဗိုက်အောင့်နာခြင်း၊
– ခြေကျင်းဝတ်နဲ့ ခြေထောက်တို့ရောင်ခြင်း၊
– အသားအရည်ယားယံခြင်း၊
– ဆီးအရောင်ရင့်ခြင်း၊
– ဝမ်းအရောင်ဖျော့ခြင်း၊
– သွေး (သို့မဟုတ်) အမဲရောင်အနည်ပါသော ဆီးသွားခြင်း၊
– နာတာရှည်ပင်ပန်းခြင်း၊
-ပျို့အန်ခြင်း၊
– အစားအသောက်ပျက်ခြင်းနဲ့
– ကိုယ်ခန္ဓာမှာ အညိုအမဲစွဲလွယ်ခြင်းတို့ပဲဖြစ်ပါတယ်။

အသည်းရောဂါဖြစ်ပေါ်လာပြီးဆိုရင်တော့ ဆေးဝါးအကူအညီနဲ့ကုသရသလို မိမိရဲ့နေထိုင်မှုပုံစံပြောင်လဲခြင်း (ဥပမာ – အရက်ဖြတ်ခြင်း၊ ကိုယ်အလေးချိန်လျှော့ချခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ခြင်း) တို့ဖြင့်လည်း ကုသရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တချို့အသည်းရောဂါတွေကတော့ ခွဲစိတ်ကုသလိုက်မှသာ သက်သာပျောက်ကင်းနိုင်မှာဖြစ်သလို အသည်းအစားထိုးဖို့အတွက်လည်း လိုအပ်တာမျိုးတွေရှိပါတယ်။

ကျန်းမာရေးပညာရှင်တွေကတော့ ကောင်းမွန်စွာလုပ်ဆောင်နိုင်တဲ့အသည်းကို ပိုင်ဆိုင်ဖို့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို ရွေးချယ်စားသုံးသင့်သလို ဓာတုပစ္စည်းတွေပါဝင်တဲ့အစားအသောက်တွေစားသုံးမှုကိုလည်း ကန့်သတ်ဖို့ လိုအပ်တယ်လို့ဆိုထားကြပါတယ်။ အစားကိုရွေးချယ်စားသုံးတဲ့အခါမှာ အစေ့အဆန်တွေနဲ့ အမျှင်ဓာတ်တွေကို တိုးမြှင့်စားသုံးပေးသင့်ပြီး အဆီနဲ့သကြားဓာတ်တွေများပြားစွာပါဝင်တဲ့အရာတွေကိုတော့ လျှော့သုံးစားသင့်တာဖြစ်ပါတယ်။
ဒါ့အပြင် ရေများများသောက်ခြင်းကလည်း အသည်းအတွက်ထိခိုက်မှုဖြစ်စေနိုင်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှား ပေးနိုင်တာကြောင့် ရေကိုအတတ်နိုင်ဆုံးများများသောက်သုံးပေးသင့်ပါတယ်။

တခြားသောခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ နှိုင်းယှဉ်တဲ့အခါမှာ အသည်းက ကျန်းမာစွာနေထိုင်စားသောက်ခြင်းဖြင့် သူ့အလိုလိုပြန်ကောင်းပြီး သူ့ရဲ့လုပ်ငန်းဆောင်တာတွေကို ပုံမှန်အတိုင်းပြန်လည်လုပ်ဆောင်နိုင်တာပါပဲ။ ဒါပေမယ့် တစ်ခုသတိထားရမှာတစ်ခုက ညဘက်အိပ်ခါနီးစားသောက်တာမျိုးဟာ အသည်းကို ပိုမိုအလုပ်လုပ်ရစေတာကြောင့် ထိခိုက်ပျက်စီးနိုင်ချေများပြားပါတယ်။ ဒါကြောင့် ညအိပ်ခါနီးအချိန်တွေမှာ အစားတွေများများစားသုံးခြင်းကို ရှောင်ရှားတာကလည်း အသည်းကျန်းမာရေးအတွက် အကျိုးရှိတဲ့အရာတစ်ခုလို့ ဆိုနိုင်ပါတယ်။

ဒီလောက်ဆိုရင်တော့ အခုတင်ဆက်ပေးခဲ့တာတွေကနေတစ်ဆင့် အသည်းကျန်းမာရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာ တွေကို သိရှိကြလောက်ပြီလို့ထင်ပါတယ်။ နောက်လာမယ့် “Health Tips” အစီအစဉ်တွေမှာလည်း ဘယ်လိုကျန်းမာရေး ဗဟုသုတတွေကို ဝေမျှပေးသွားဦးမလဲဆိုတာ စောင့်မျှော်အားပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်တစ်ယောက်ချင်း ဆီကလည်း ကျေးဇူးတင်ရှိပါတယ်။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.