YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health March 20, 2023

ဖြည့်စွက်အားဆေးတွေက ခန္ဓာကိုယ်အတွက် တကယ်သက်ရောက်မှုရှိသလား။

ကျန်းမာရေးနဲ့ပတ်သက်တဲ့အသိပညာဗဟုသုတတွေ ကြွယ်၀လာတဲ့ ဒီနေ့လိုခေတ်ကြီးထဲမှာ လူတွေအများစုကလည်း သူတို့ရဲ့ ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့အာဟာရဓာတ်တွေကို ဖြည့်တင်းပေးနိုင်ဖို့ ဖြည့်စွက်အားဆေးမျိုးစုံကို သုံးစွဲမှီဝဲနေကြပြီဖြစ်ပါတယ်။ ဒါကြောင့်လည်း စျေးကွက်စီးပွားရေးကို အကွက်မြင်တတ်ကြတဲ့သူတွေက ဖြည့်စွက်အားဆေးတွေကို အနံ့အရသာအမျိုးမျိုးနဲ့သာမက အသွင်ပုံစံမျိုးစုံနဲ့ပါထုတ်လုပ်ရောင်းချနေကြလျက်ရှိပြီး စစ်တမ်းကောက်ယူမှုတွေအရဆိုရင် ကမ္ဘာလုံးဆိုင်ရာဖြည့်စွက်အားဆေးနဲ့ အစားအသောက်လုပ်ငန်းကြီးတစ်ခုလုံးရဲ့ တန်ဖိုးက ခန့်မှန်းချေအားဖြင့် အမေရိကန်ဒေါ်လာ ၁၃၃ ဘီလီယံရှိတယ်လို့ သိရပါတယ်။ သုတေသီတွေရဲ့ ရှာဖွေမှုတွေအရကတော့ အမေရိကန်နိုင်ငံအတွင်းမှာတင် အကြောင်းအရင်းအမျိုးမျိုးကြောင့် ဖြည့်စွက်အားဆေးသောက်သုံးကြတဲ့ လူပမာဏဟာ နိုင်ငံ့လူဦးရေရဲ့ထက်ဝက်ခန့်ရှိနေတယ်လို့ ဆိုပါတယ်။

ဒါဆိုရင် ဒီလောက်အကျိုးစီးပွားဖြစ်ထွန်းရလောက်တဲ့အထိ ဖြည့်စွက်အားဆေးတွေက တကယ်ပဲ ကျန်းမာရေးအတွက် ထိရောက်မှုတွေ၊ အကျိုးသက်ရောက်မှုတွေရှိနေသလားဆိုတာက မေးခွန်းထုတ်စရာပါပဲ။ ဒါကြောင့် အခုတစ်ပတ်အတွက် “Health Tips” အစီအစဉ်မှာတော့ ဖြည့်စွက်အားဆေးတွေက သာမန်လူတစ်ယောက်အတွက် နေ့စဉ်လိုအပ်တဲ့ အာဟာရဓာတ်တွေကို  အမှန်တကယ်ဖြည့်တင်းပေးပြီး ခန္ဓာကိုယ်ကိုအကျိုးသက်ရောက်မှုတွေ ရှိစေသလားဆိုတာနဲ့ပတ်သက်လို့ တင်ဆက်ပေးလိုက်ပါတယ်။

ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ပညာရှင်တွေကတော့ စျေးကွက်ထဲမှာတွေ့ရှိနေရတဲ့ အာဟာရဆိုင်ရာ ဖြည့်စွက်စာတွေဟာ အစားအစာတွေလိုမျိုး အာဟာရဓာတ်ကို လုံလောက်စွာပေးစွမ်းနိုင်ခြင်းမရှိဘူးလို့ ဆိုထားကြပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ကျန်းမာရေးအတွက်အကျိုးကျေးဇူးတွေကို ကောင်းမွန်စွာနဲ့ လုံလုံလောက်လောက် ရရှိချင်တယ်ဆိုရင်တော့ သင့်တင့်မျှတတဲ့အစားအစာတွေကိုသာ အဓိကထားစားသုံးပြီး ဖြည့်စွက်အားဆေးတွေကို လိုအပ်တဲ့အခါမှသာ သောက်သုံးမှီဝဲပေးသင့်တယ်လို့ အကြံပေးထားကြပါတယ်။

သင့်တင့်မျှတတဲ့အစားအစာတွေကို စားတဲ့နေရာမှာလည်း တစ်မျိုးတည်းကိုအဓိကထားမစားသင့်ဘဲ အာဟာရပြည့်၀စွာရရှိစေဖို့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာမျိုးစုံကိုစားသုံးပေးရမှာဖြစ်ပါတယ်။ အစားအစာတွေကို သင့်တင့်မျှတစွာစားသုံးခြင်းက ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့အာဟာရဓာတ်တွေကို ကောင်းမွန်စွာရရှိနိုင်တယ်ဆိုပေမယ့်လည်း ဗီတာမင်ဒီဓာတ်ကိုကတော့ အစားအစာတွေကနေ လုံလောက်စွာ မရရှိနိုင်တာကြောင့် နေရောင်ခြည်ကိုအတိုင်းအတာတစ်ခုမျှခံယူပေးသင့်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ တစ်နေ့တာအတွက် လုံလောက်တဲ့နေရောင်ခြည်ကို ခံယူနိုင်ဖို့အဆင်မပြေဘူးဆိုရင်တော့ ဒီလိုအခြေအနေမျိုးမှာ ဗီတာမင်ဒီဓာတ်ကိုအားဖြည့်ပေးမယ့် ဖြည့်ဆွက်အားဆေးတွေကို မှီဝဲသုံးစွဲပေးနိုင်ပါတယ်။

ဖြည့်စွက်အားဆေးတစ်လုံး (သို့မဟုတ်) တစ်ခွက်မှာ တစ်နေ့တာအတွက် လိုအပ်တဲ့အာဟာရဓာတ်ပမာဏတွေ ပါဝင်ကောင်းပါဝင်နိုင်တယ်ဆိုပေမယ့်လည်း တကယ်တမ်းမှာ ကယ်ဆီယမ်နဲ့ သံဓာတ်တို့လိုမျိုး အာဟာရဓာတ်တွေကတော့ ကောင်းစွာပျော်ဝင်စုပ်ယူနိုင်ခြင်းမရှိပါဘူး။ ဒါပေမယ့်လည်း တချို့သော စျေးကွက်ရှာဖွေပြီးထုတ်လုပ်ရောင်းချကြသူတွေရဲ့  မရိုးနိုင်တဲ့ကြော်ငြာမှုပုံစံတွေကြောင့် သင်တို့ရဲ့ ပတ်ဝန်းကျင်မှာ အာဟာရဓာတ်တွေပြည့်စုံစွာပါဝင်တယ်ဆိုတဲ့ ဖြည့်စွက်အားဆေးအမျိုးမျိုးကို တွေ့ရှိကြရမှာပါ။ ဒါဆို ဘယ်လိုအခြေအနေမျိုးတွေမှာ ဖြည့်စွက်အားဆေးတွေကို မှီဝဲသုံးစွဲသင့်သလဲဆိုတာကို မေးခွန်းထုတ်ချင်ကြလိမ့်မယ်လို့ ထင်ပါတယ်။

တကယ်လို့များ သင်က နေရောင်ခြည်၊ တစ်နည်းအားဖြင့် ဗီတာမင်ဒီဓာတ်ကို လုံလောက်စွာမရရှိနိုင်တဲ့ အရပ်ဒေသမှာနေထိုင်ရတဲ့သူ (သို့မဟုတ်) ကျန်းမာရေးပြဿနာ တစ်စုံတစ်ရာကြောင့် နေရောင်ခြည်ထဲမထွက်နိုင်ဘဲ အိမ်ထဲမှာပဲအနေများတဲ့သူဖြစ်တယ်ဆိုပါစို့။ ဒါဆိုရင်တော့ သင့်အနေနဲ့ တတ်ကျွမ်းနားလည်တဲ့ကျန်းမာရေးပညာရှင်နဲ့ သေချာတိုင်ပင်ဆွေးနွေးပြီး ဗီတာမင်ဒီဖြည့်စွက်အားဆေးကို မှီဝဲသောက်သုံးသင့်ပါတယ်။

ဖြည့်စွက်အားဆေးကို အသုံးပြုသင့်တဲ့လူတွေထဲမှာ မွေးကင်းစကလေးငယ်တွေလည်းပါဝင်တယ်ဆိုတာကို သင် သိရှိပါသလား။ မွေးကင်းစကလေးငယ်တွေကိုတော့ မွေးပြီးသိပ်မကြာခင်အချိန်အတွင်းမှာပဲ Vitamin K ဆိုတဲ့ အာဟာရဓာတ်တစ်မျိုးကိုထိုးနှံပေးသင့်ပါတယ်။ ဒီလိုထိုးနှံပေးသင့်တဲ့အကြောင်းအရင်းကတော့ Vitamin K ဟာ အူလမ်းကြောင်းနဲ့ ဦးနှောက်အတွင်းမှ သွေးထွက်ခြင်းကိုတားဆီးပေးနိုင်တဲ့အတွက်ကြောင့်ပါပဲ။ ပုံမှန်အားဖြင့်ဆိုရင် ကလေးငယ်တွေအတွက် လိုအပ်တဲ့အာဟာရဓာတ်တွေကို မိခင်နို့ရည်တိုက်ကျွေးပေးရုံနဲ့ရရှိနိုင်တယ်ဆိုပေမယ့် Vitamin K ကိုကတော့ ဖြည့်စွက်အားဆေးအကူအညီနဲ့မှသာလျှင်ရရှိနိုတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တကယ်လို့များ သင်က ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ဖြစ်တယ်ဆိုပါကလည်း ဆရာဝန်တွေရဲ့ လမ်းညွှန်ချက်အတိုင်း ဗီတာမင်ဖြည့်စွက်အားဆေးတွေကို စနစ်တကျနဲ့သောက်သုံးပေးသင့်ပါတယ်။

ဖြည့်စွက်အားဆေးကိုသောက်သုံးသင့်တဲ့သူတွေထဲမှာ ကျန်းမာရေးပြဿနာတစ်စုံတစ်ရာကြောင့် ဆေးတွေကို ရေရည်စွဲမြဲစွာသောက်သုံးနေရတဲ့သူတွေလည်းပါဝင်ပါတယ်။ တချို့သောဆေးဝါးတွေဟာဆိုရင် သင့်အတွက် လိုအပ်တဲ့အာဟာရဓာတ်စုပ်ယူနိုင်မှု (သို့မဟုတ်) ထုတ်လုပ်နိုင်မှုကိုထိခိုက်စေနိုင်ပါတယ်။ ဥပမာပြောရရင် ဆီးချိုရောဂါသမားတွေသောက်သုံးကြရတဲ့ ဆေးတွေဟာ ဗီတာမင် B12 ချို့တဲ့မှုကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သင်ကိုယ်တိုင် သောက်သုံးရမယ့်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုသိရှိထားသင့်ပြီး တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေးပညာရှင်နဲ့တိုင်ပင်ကာ ဖြည့်စွက်အားဆေးတွေကိုလည်း မှီဝဲသုံးစွဲသင့်ပါတယ်။

ဒါ့အပြင် သင်က သားသတ်လွတ်စားသုံးတဲ့သူ (သို့မဟုတ်) အစားအသောက်နဲ့ပတ်သက်ပြီး အလွန်အမင်း ကန့်သတ်လွန်းတဲ့သူဖြစ်တယ်ဆိုပါကလည်း လိုအပ်တဲ့အာဟာရဓာတ်တွေ လုံလောက်ပြည့်စုံဖို့အတွက် ဖြည့်စွက်အားဆေးတွေကို သောက်သုံးပေးသင့်ပါတယ်။ သားသတ်လွတ်စားသုံးတဲ့သူတွေဟာ အသား၊ ငါး၊ ဥအမျိုးမျိုးနဲ့ နို့ထွက်ပစ္စည်းတွေကို ရှောင်ရှားကြတဲ့သူတွေဖြစ်တာကြောင့် များသောအားဖြင့် ဗီတာမင် B12 ချို့တဲ့ကြသူတွေဖြစ်ပါတယ်။ ဗီတာမင် B12 ကိုတော့ အသီးအနှံတွေနဲ့ သားသက်လွတ်အစားအစာတွေကနေ ရရှိနိုင်သလို ဖြည့်စွက်အားဆေးတွေသောက်သုံးခြင်းအားဖြင့်လည်းရရှိနိုင်ပြီး ဒီလိုသောက်သုံးဖို့အတွက်ကတော့ ကျွမ်းကျင်တဲ့ကျန်းမာရေးပညာရှင်နဲ့ သေချာတိုင်ပင်သင့်တယ်လို့ အကြံပေးလိုပါတယ်။

ကဲ … ဒီလောက်ဆိုရင်တော့ ဖြည့်စွက်အားဆေးတွေက ခန္ဓာကိုယ်အတွက် ထင်ထားသလောက် အကျိုးကျေးဇူးရရှိနိုင်သလား၊ ဘယ်လိုလူမျိုးတွေက ဖြည့်စွက်အားဆေးတွေကို အဓိကထားသောက်သုံးသင့်သလဲ ဆိုတာနဲ့ပတ်သက်ပြီး သိရှိသွားကြမယ်လို့ထင်ပါတယ်နော်။ နောက်တစ်ပတ်တင်ဆက်ပေးမယ့် “Health Tips” အစီအစဉ်မှာပြန်တွေ့ကြမယ်နော်။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.