YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health March 20, 2023

နို့တိုက်ကလေးငယ်တွေအတွက် မှန်ကန်သောဖြည့်စွက်စာရွေးချယ်မှု

မိမိတို့ရဲ့ ရင်သွေးငယ်တွေကို ရောဂါအနာဘယကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာနဲ့ ကြီးပြင်းစေလိုကြတာက မိဘတိုင်းရဲ့ သဘာ၀ပါ။ ကလေးတစ်ယောက် ဒီလိုကျန်းကျန်းမာမာနဲ့ ကြီးပြင်းဖို့ဆိုတာကလည်း အာဟာရဓာတ် ပြည့်ပြည့်၀၀နဲ့ ကိုယ်ခံအားကောင်းနေဖို့က အရေးကြီးတာကြောင့် မိခင်တွေအနေနဲ့ ကလေးကို မွေးကင်းစအရွယ် နို့ချိုတိုက်ကျွေးတဲ့အချိန်ကတည်းက သေချာစနစ်တကျတိုက်ကျွေးဖို့လိုအပ်သလို ဖြည့်စွက်စာတွေကျွေးရမယ့် အချိန်တွေမှာလည်း အာဟာဓာတ်ပြည့်၀တဲ့အစားအစာတွေကို ရွေးချယ်တတ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အခုတစ်ပတ်အတွက် တင်ဆက်ပေးသွားမယ့် Health Tips ကဏ္ဍမှာတော့ မိခင်တွေအနေနဲ့ နို့တိုက်အရွယ် ကလေးငယ်တွေအတွက် ဖြည့်စွက်စာကို ဘယ်လိုရွေးချယ်သင့်လဲ၊ ဘယ်အရွယ်မှာ ဘယ်လိုအစားအစာတွေကို ကျွေးသင့်သလဲဆိုတာကို မျှဝေပေးသွားချင်ပါတယ်။

မိခင်နို့ရည်ဟာ ကလေးငယ်တွေအတွက် မွေးကင်းစကနေ အသက် ၆ လအရွယ်အထိ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပြည့်စုံလုံလောက်စွာပေးစွမ်းနိုင်တယ်ဆိုတာကိုတော့ မေမေတို့တွေအနေနဲ့ သိရှိထားကြ ပြီးဖြစ်မှာပါ။ ဒါကြောင့်လည်း ကျန်းမာရေးပညာရှင်တွေက ကလေးအသက် ၆ လအထိကို မိခင်နို့ရည်တစ်မျိုးတည်းသာ တိုက်ကျွေးဖို့တိုက်တွန်းထားကြတာဖြစ်ပြီ လေ့လာတွေ့ရှိချက်တွေအရဆိုရင်လည်း အသက် ၆ လ အရွယ်အထိ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးပေးခြင်းဟာ ကလေးငယ်တွေကို ရောဂါပိုးဝင်ခြင်းနဲ့ ဖျားနာခြင်းတွေမှ ကာကွယ်ပေးတဲ့ အပြင် ကျန်းမာစွာနဲ့ကြီးပြင်းဖို့အတွက်ကိုလည်း အထောက်အပံ့ဖြစ်စေတယ်လို့ သိရပါတယ်။ ဒါပေမယ့် အသက် ၆ လကျော်သွားတဲ့အချိန်မှာတော့ မိခင်နို့တစ်မျိုးတည်းနဲ့တင် လုံလောက်မှုမရှိတော့တာကြောင့် ဖြည့်စွက်စာတွေကို စတင်ကျွေးရဖို့ လိုအပ်လာပါတယ်။

ဖြည့်စွက်စာတွေကိုတော့ ကလေးအသက် ၆ လပြည့်ပြီးတဲ့ အချိန်ကျတော့မှသာလျှင် စတင်ကျွေးသင့်တာ ဖြစ်ပြီး ၆ လမပြည့်ခင်အချိန်၊ အထူးသဖြင့် ၄ လ မတိုင်ခင်မှာတော့ လုံး၀ (လုံး၀) မကျွေးသင့်သေးပါဘူး။ အဲဒီအရွယ်ဟာဆိုရင် ရေတောင်မှမတိုက်သင့်တဲ့ အရွယ်ဖြစ်တာာကြောင့် တကယ်လို့များ ကလေးမိခင် (သို့မဟုတ်) ကလေးအနီးနားမှာရှိတဲ့သူက သတိမထားမိလိုက်လို့ပဲဖြစ်စေ၊ အကြောင်းတစ်စုံတစ်ရာကြောင့် မတော်တဆအနေနဲ့ ကလေးကို အစားအစာတစ်ခုခုကျွေးလိုက်မိမယ်ဆိုပါက အစာနင်ခြင်း၊ သီးခြင်းတို့လိုမျိုး တစ်ခုခုဖြစ်သွားနိုင်ပြီး အခန့်မသင့်ရင်တော့ အသက်ရှူလမ်းကြောင်းပိတ်ဆို့ကာ ရုတ်တရက်ဆိုသလို အသက်ဆုံးရှုံးသွားနိုင်ပါတယ်။ ဒါ့အပြင် ကလေးငယ်တွေဟာ ၆ လအရွယ်ကို ကျော်လွန်တော့မှသာလျှင် သံဓာတ်၊ ဇင့်ဓာတ်နဲ့ တခြားအစရှိတဲ့ အာဟာရဓာတ် တွေကို ပိုမိုလိုအပ်လာတာ ဖြစ်ပါတယ်။

နို့တိုက်အရွယ်ကလေးငယ်တွေအနေနဲ့ ဖြည့်စွက်စွာကိုကောင်းစွာလက်ခံစားသုံးနိုင်ပြီဆိုတာကို သိသာစေတဲ့ လက္ခဏာတွေကတော့ လူကြီးတွေရဲ့ အကူအညီမပါဘဲ ကောင်းမွန်စွာထိုင်နိုင်ပြီး ခေါင်းကိုလည်းတည့်မတ်စွာထောင်လာ နိုင်ခြင်း၊ နို့ရည်တွေကိုပြန်လည်ထွေးထုတ်မှုမရှိတော့ဘဲ ကောင်းစွာမျိုချလာခြင်း၊ လက်သီးဆုပ် (သို့မဟုတ်) လက်ချောင်းတွေကို စုပ်ယူခြင်း၊ ညဘက်တွေမှာ ပုံမှန်ထက်အကြိမ်ရေပိုမိုနိုးကြားနေခြင်းနဲ့ မိခင်နို့ရည်ကိုလည်း ယခင်ကထက်ပိုမိုစို့ယူခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် တကယ်လို့များ သင့်ကလေးဟာ ၆ လအရွယ်ကိုကျော်လွန်ပြီး ဖော်ပြပါအပြုအမူတွေကိုလည်းပြုလုပ်နေပြီဆိုက အဲဒီအချိန်ဟာဖြည့်စွက်စာကို စတင်ကျွေးသင့်တဲ့ အချိန်ဖြစ်တယ် ဆိုတာကို သိရှိနိုင်ပါတယ်။

တချို့တွေကတော့ ကလေးငယ်ကို ၆ လပြည့်လို့ ဖြည့်စွက်စာကိုစတင်ကျွေးတဲ့အခါမှာ မိခင်နို့ရည် (သို့မဟုတ်) နို့မှုန့်ကိုရပ်တန့်ပစ်လိုက်ပြီး လူကြီးတွေစားသလိုမျိုးကျွေးနိုင်ပြီလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ဒါဟာ လုံး၀ကို မှားယွင်းတဲ့ယူဆချက်တစ်ခုဖြစ်တာကြောင့် မိခင်တွေအနေနဲ့ ၆ လပြည့်ပြီးလို့ ကလေးကို ဖြည့်စွက်စာ စတင်ကျွေးတဲ့ အခါမှာ အသက်အရွယ်အပိုင်းအခြားအလိုက် လိုအပ်တဲ့ဖြည့်စွက်စာကိုကျွေးမှာရမှာဖြစ်သလို မိခင်နို့ရည် (သို့မဟုတ်) နို့မှုန့်ကိုလည်း ရပ်တန့်ပစ်ခြင်းမရှိဘဲ ဆက်လက်တိုက်ကျွေးပေးသွားရမှာဖြစ်ပါတယ်။

အသက် ၆ လကနေ ၈ လအရွယ်မှာဆိုရင်တော့ ကလေးငယ်သောက်နိုင်သလောက် မိခင်နို့ရည် (သို့မဟုတ်) နို့မှုန့်ကိုပဲအဓိကထားပြီး တိုက်ကျွေးပေးသင့်ပါတယ်။ ဖြည့်စွက်စွာအနေနဲ့ကတော့ လူကြီးတွေစားတဲ့ထမင်းကိုပဲ အနည်းငယ်ယူကာ ဆီတစ်စက်ကနေ နှစ်စက်အထိကို ရေထည့်ပြီး ပိုမိုနူးညံ့ပျော့ပျောင်းအောင်ကျိုချက်နိုင်သလို ဆန်မှုန့် ၄ ဆနဲ့ ပဲမှုန့် ၁ ဆကိုရောပြီးတော့လည်း ဆီအနည်းငယ်နဲ့ ရေထည့်ကာကျိုချက်နိုင်ပါတယ်။ အဲဒီလိုပြုလုပ်ထားတဲ့ ဖြည့်စွက်စာကိုတော့ နို့ချိုတိုက်ကျွေးပြီးတဲ့အခါ တစ်နေ့ တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ်ကျွေးနိုင်ပြီး တစ်ခါကျွေးရင် စားပွဲတင်ဇွန်း ၁ ဇွန်းကနေ ၂ ဇွန်းပမာဏအထိကို ကျွေးပေးနိုင်ပါတယ်။ ဒီလိုချက်ပြုတ်ကျွေးသင့်တဲ့အခါမှာတော့ ဆား၊ သကြားနဲ့ ကြက်သားမှုန့်တွေကို လုံး၀ထည့်စရာမလိုပါဘူး။

အသက် ၈ လကနေ ၁ နှစ်အရွယ်ထိ ကလေးတွေအတွက် ဖြည့်စွက်စာကိုတော့ ထမင်းကို ဖြည့်စွက်စာ စတင်ကျွေးခဲ့ချိန်တုန်းကအတိုင်းချက်တဲ့ထမင်းအပြင် နူးညံ့အောင်ချက်ပြုတ်ထားတဲ့ အသား၊ ငါး၊ ပဲ၊ အာလူး၊ ကြက်အသည်းနဲ့ ကြေညက်အောင်လုပ်ထားတဲ့ဟင်းသီးဟင်းရွက်တွေကို အနည်းငယ်ထည့်ပြီး ကျွေးနိုင်ပါတယ်။ အဲဒါအပြင် ငှက်ပျောသီး၊ သရက်သီးနဲ့ သင်္ဘောသီးတို့လိုမျိုး အသီးအနှံတွေကိုလည်း သေချာကြိတ်ချေပြီး ကျွေးပေး သင့်သလို မိခင်နို့ရည် (သို့မဟုတ်) နို့မှုန့်ကိုလည်း ကလေးငယ်တောင်းသလောက် တိုက်နိုင်ပါတယ်။ တကယ်လို့ သင့်ရဲ့ကလေးငယ်က မိခင်နို့သောက်နေတယ်ဆိုရင် ဖြည့်စွက်စာကို တစ်နေ့ ၃ ကြိမ် ကျွေးပေးရမှာဖြစ်ပြီး နို့မသောက်တဲ့ကလေးဆိုရင်တော့ ၅ ကြိမ်အထိ ကျွေးပေးသင့်ပါတယ်။

အသက် ၁ နှစ်ကနေ ၅ နှစ်ရွယ်ကလေးတွေကိုတော့ အိမ်ကမိသားစုဝင်လူကြီးတွေစားတဲ့အတိုင်း (အစပ်များလွန်း၊ အငံများလွန်းတဲ့ဟင်းများမှလွဲပြီး) တစ်နေ့ကို သုံးကြိမ်မျှစတင်ကျွေးနိုင်ပါပြီ။ ဒါ့အပြင် ကလေးအတွက် အာဟာရဖြစ်စေမယ့် အသီးအနှံတွေနဲ့ တခြားသောအစားအစာတွေ (ဥပမာ – အာလူး၊ ပြောင်းဖူး၊ ကန်စွန်းဥ၊ ပဲ၊ ဆန် စတာတွေနဲ့ပြုလုပ်ထားတဲ့ အစားအစာတွေ၊ မုန့်တွေ) ကိုလည်းကျွေးနိုင်ပြီး မိခင်နို့ရည်ကိုတော့ အသက် ၂ နှစ်အရွယ် ထိသာ တိုက်ကျွေးသင့်တယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုထားကြပါတယ်။

နို့တိုက်အရွယ်ကလေးငယ်တွေကို ဖြည့်စွက်စာကျွေးတဲ့အခါမှာ ကလေးငယ်နဲ့လည်းတည့်ပြီး အာဟာရပြည့်၀ ကာ လွယ်လင့်တကူလည်းဝယ်လို့ရနိုင်တဲ့အစားအစာတွေကို ဦးစားပေးရွေးချယ်ကာ ကျွေးပေးသင့်ပါတယ်။ အဲဒီအစားအစာတွေထဲကမှ ကျန်းမာရေးပညာရှင်တွေအကြံပြုထားတာကတော့ ထမင်း၊ ကြက်ဥ၊ ငှက်ပျောသီး၊ ရွှေဖရုံသီးနဲ့ အသား၊ ငါးတွေပဲဖြစ်ပါတယ်။

အချိုလွန်ကဲတဲ့အစားအစာတွေ၊ အငံလွန်ကဲတဲ့အ စားအစာတွေ၊ အစေ့အဆန်တွေ၊ မကျက်တကျက် ပြုတ်ထားတဲ့ ဥအမျိုးမျိုး၊ ပေါင်းတင်ကျိုချက်ထားခြင်းမရှိတဲ့ နွားနို့နဲ့ ပျားရည်တို့ကိုတော့ ကလေးငယ်တွေကို ဖြည့်စွက်စာအဖြစ် မကျွေးဖို့သတိပြုသင့်ပြီး ပျားရည်ဟာဆိုရင် တစ်နှစ်အောက်အရွယ် ကလေးငယ်တွေမှာ အစာအဆိပ်သင့်စေနိုင်ပါတယ်။

နောက်ထပ်သတိပြုရမယ့်တစ်ချက်ကတော့ နို့သောက်နေတဲ့ကလေးငယ်ကို အစားအစာစတင်ကျွေးတာဟာ ရုတ်တရက်ဆိုသလိုပြောင်းလဲမှုတစ်ခုဖြစ်တာကြောင့် ကျွေးတဲ့အခါမှာ ပါးစပ်ထဲကို နည်းနည်းချင်းစီပဲ ထည့်ကျွေးသင့်ပြီး ဒီလိုကျွေးလိုက်တဲ့အစားအစာကို ကလေးငယ်ကငြင်းတာမျိုးရှိလာရင်လည်း နောင်လုံး၀မကျွေးတော့တာမျိုးမလုပ်ဘဲ ရက်ခြားပြီး ပုံစံတစ်မျိုးနဲ့ကျွေးပေးသင့်ပါတယ်။ ဒါမှသာ ကလေးအနေနဲ့ အရွယ်ရောက်လာတဲ့အခါမှာ အစားမရွေးဘဲ စားတတ်တဲ့အကျင့်လေးရှိလာမှာပါ။ မိဘတွေအနေနဲ့ ကလေးငယ်ကို ဖြည့်စွက်စာကျွေးတဲ့အခါမှာ သတိပြုထားသင့်တဲ့ အရေးကြီးဆုံးအချက်ကတော့ ကလေးငယ်စားဖို့အတွက် ချက်ပြုတ်ပြင်ဆင်တဲ့အခါမှာ ပန်းကန်ခွက်ယောက်တွေကို သေချာဆေးကြောသင့်ပြီး အစားအစာတွေကိုလည်း နူးနူးညံ့ညံ့နဲ့ကျက်အောင် ချက်ပြုတ်ပေးသင့်ပါတယ်။

ဒီလောက်ဆိုရင်တော့ နို့တိုက်အရွယ်ကလေးတစ်ယောက်ကို ဖြည့်စွက်စွာကျွေးရမယ့်ပုံစံနဲ့ ကျွေးရမယ့် အစားအစာတွေ အကြောင်းကို မေမေတို့တွေအနေနဲ့ သိရှိထားသင့်သလောက် သိရှိကြမယ်လို့ထင်ပါတယ်နော်။ နောက်တစ်ပတ်တင်ဆက်ပေးမယ့် Health Tips အစီအစဉ်မှာလည်း ဘယ်လိုမျိုးကျန်းမာရေးဗဟုသုတွေကို ဝေမျှပေးသွားဦးမလဲဆိုတာ စောင့်မျှော်အားပေးကြပါဦး။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.