YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health March 20, 2023

ညဘက်အိပ်မပျော်တာဘာကြောင့်ဖြစ်ရတာလဲ?

လူတွေအများစုဟာ စိတ်ဖိစီးမှု၊ အလုပ်အချိန်ဇယားရှုပ်ထွေးမှုနဲ့ တခြားသောပြင်ပလွှမ်းမိုးမှုတွေကြောင့် တစ်ခါတစ်ရံမှာ အိပ်မပျော်နိုင်တဲ့ပြဿနာတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ယေဘူယျအားဖြင့်ဆိုရင် အိပ်စက်ခြင်းပြဿနာတွေက တခြား ကျန်းမာရေးအခြေအနေ (သို့မဟုတ်) စိတ်ပိုင်းဆိုင်ရာ အခြေအနေတို့ကြောင့် ဖြစ်ပေါ်တတ်တဲ့ လက္ခဏာတစ်မျိုး ဖြစ်တဲ့အတွက် ဆေးဝါးကုသမှုခံယူလိုက်တာနဲ့ ပျောက်ကင်းသက်သာသွားနိုင်ပါတယ်။ ဒါပေမယ့်လည်း တချို့အိပ်စက်မှု ပြဿနာတွေကတော့ ဆေးဝါးကုသမှုတစ်ခုတည်းတင်မဟုတ်ဘဲ နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲပစ်လိုက်တော့မှ သာလျှင် ပျောက်ကင်းနိုင်တာဖြစ်ပါတယ်။

Insomnia လို့ခေါ်တဲ့ အိပ်မပျော်တဲ့ရောဂါဟာ များသောအားဖြင့် စိတ်ဖိစီးခြင်း၊ စိုးရိမ်ကြောင့်ကြမှုများခြင်း၊ ဟော်မုန်း ပြောင်းလဲခြင်း၊ အိပ်ရာပြောင်း (သို့မဟုတ်) အချိန်နေရာဒေသပြောင်းလဲခြင်း၊ ဆေးဝါးအချို့ကိုသုံးစွဲနေရခြင်းနဲ့ အစာမကြေခြင်းတို့ကြောင့် ဖြစ်ပေါ်တတ်ပြီး ဒီလိုမျိုးအိပ်မပျော်တဲ့အချိန်တွေ ကြာမြင့်လာတဲ့အခါမှာတော့

–           စိတ်ကျခြင်း၊

–           အာရုံစိုက်ရခက်ခဲခြင်း၊

–           စိတ်ဆိုးဒေါသထွက်ခြင်း၊

–           ကိုယ်အလေးချိန်တက်ခြင်း၊

–           လုပ်ငန်းခွင်မှာ စွမ်းဆောင်ရည် ကျဆင်းခြင်းတို့ ဖြစ်လာနိုင်ပါတယ်။

အိပ်မပျော်တဲ့ရောဂါက အသက်အရွယ်ကြီးရင့်သူ လူကြီးပိုင်းတွေနဲ့ အမျိုးသမီးတွေမှာအများဆုံးဖြစ်ပေါ်တတ်ပြီး ဖြစ်ပေါ်တဲ့ကာလက သုံးလနဲ့အထက်ကြာမြင့်နေပြီဆိုရင်တော့ ဒါကို နာတာရှည်ရောဂါပြဿနာတစ်ခုအဖြစ် သတ်မှတ်ရမှာပါ။ ကာလကြာရှည်စွာအိပ်မပျော်ဖြစ်ရတဲ့အကြောင်းအရင်းတွေကတော့

–           ရောဂါဝေဒနာတွေကြောင့်ဖြစ်ခြင်း ဥပမာ အဆစ်အမြစ်များနာကျင်ကိုက်ခဲခြင်း၊ ခါးနာခြင်း၊

–           စိတ်ပိုင်းဆိုင်ရာပြဿနာရှိခြင်း၊

–           စိတ်ပူပန်ခြင်း၊

–           စိတ်ဓာတ်ကျခြင်း၊

–           မူးယစ်ဆေးစွဲခြင်း၊

–           အိပ်ပျော်နေစဉ် ရုတ်တရက် အသက်ရှူရပ်ခြင်းနဲ့

–           ဆီးချိုရောဂါရှိနေခြင်းတို့ကြောင့် ဖြစ်ပါတယ်။

သုတေသနပြုလုပ်ချက်တွေအရတော့ စိတ်ဖိစီးမှုများလွန်းပြီး စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားရသူတွေ၊ ဝင်ငွေနည်းပါးသူတွေ၊ စံတော်ချိန်မတူညီတဲ့ နေရာဒေသတွေဆီ ခရီးသွားလာရသူတွေ၊ လှုပ်ရှားမှုနည်းပါးသူတွေမှာ အိပ်မပျော်တဲ့ရောဂါ Insomnia ဖြစ်နိုင်ချေပိုမိုများပြားတယ်လို့ သိရပါတယ်။

အိပ်မပျော်တဲ့ရောဂါကို ပျောက်ကင်းသက်သာဖို့အတွက်ကတော့ ဆေးဝါးအကူအညီတွေ၊ စိတ်ပိုင်းဆိုင်ရာကုထုံးတွေနဲ့ ကုသနိုင်သလို မိမိရဲ့နေထိုင်စားသောက်မှုပုံစံကိုပြောင်းလဲပြီးတော့လည်း ကြိုးစားကုသနိုင်ပါတယ်။ ဥပမာအားဖြင့် ကဖင်းဓာတ်ပါဝင်တဲ့ ကော်ဖီနဲ့ လက်ဖက်ရည်တွေသောက်သုံးမှု လျှော့ချခြင်း၊ အိပ်ခါနီးလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အိပ်ခါနီး ဖုန်းမသုံးဘဲ စာအုပ်ဖတ်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အိပ်ရာဝန်းကျင် (သို့မဟုတ်) အိပ်ခန်းအတွင်းမှာ ရနံ့သင်းပျံ့တဲ့ အပင်လေးတွေနဲ့ ဖယောင်းတိုင်တွေထားရှိခြင်းကလည်း အိပ်မပျော်ဖြစ်ခြင်းကိုလျှော့ချနိုင်ပါတယ်။

ဒီလိုမျိုးနည်းလမ်းတွေနဲ့မှ အိပ်မပျော်တဲ့ရောဂါပြဿနာကို မဖြေရှင်းနိုင်ဘူးဆိုရင်တော့ သင့်အနေနဲ့ ဆရာဝန်နဲ့ သေချာဆွေးနွေးတိုင်ပင်ကုသသင့်တယ်လို့ အကြံပေးပါရစေနော်။ ပရိသတ်တွေအားလုံး ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်လေးတွေကို ပိုင်ဆိုင်ဖြတ်သန်းနိုင်ပါစေလို့လည်း MI Radio ကနေ ဆုတောင်းပေးလိုက်ပါတယ်။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.