YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health February 14, 2023

အသည်းအဆီဖုံးခြင်းကိုလျှော့ချပေးနိုင်မယ့် အစားအသောက်များ

အသည်းအဆီဖုံးခြင်းကိုလျှော့ချပေးနိုင်မယ့် အစားအသောက်များ

အသည်းအဆီဖုံးခြင်းဟာဆိုရင် မြန်မာနိုင်ငံမှာသာမက ကမ္ဘာတစ်ဝှမ်းမှလူသန်းပေါင်းများစွာမှာပါ အဖြစ်များလျက်ရှိတဲ့ အသည်းရောဂါ တစ်မျိုးဖြစ်ပါတယ်။ အသည်းအဆီဖုံးခြင်းဆိုတာကတော့ အသည်းမှာ အဆီတွေစုပုံလာရာကနေဖြစ်ပေါ်လာတာကြောင့်ခေါ်ဆိုခြင်းဖြစ်ပြီး အသည်းရဲ့အလေးချိန်ထဲက ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိဟာ အဆီတွေကြောင့်ဖြစ်နေပြီဆိုပါက ဒီလိုအခြေအနေမျိုးကို အသည်းအဆီဖုံးနေပြီလို့ သတ်မှတ်နိုင်ပါတယ်။ အခုတစ်ပတ်အတွက် Health Tips အစီအစဉ်မှာတော့ အသည်းအဆီဖုံးခြင်းနဲ့ပတ်သက်လို့ ပရိသတ်ကြီးတို့သိရှိထားသင့်တဲ့ ကျန်းမာရေးဗဟုသုတအကြောင်းအရာတွေနဲ့ အသည်းအဆီဖုံးခြင်းကို လျှော့ချနိုင်ဖို့အတွက် ဘယ်လိုမျိုးအစားအသောက်တွေကို ရွေးချယ်စားသုံးပေးသင့်ဆိုတာ စီစဉ်တင်ဆက်ပေးလိုက်ပါတယ်။

အသည်းမှာအဆီဖုံးခြင်းက အသက်ကိုဆုံးရှုံးနိုင်လောက်တဲ့အထိ မဆိုးရွားပေမဲ့လည်း အသည်းဆိုတာမျိုးက လူ့ခန္ဓာကိုယ်မှာ ဒုတိယအကြီးဆုံးကိုယ်အင်္ဂါအစိတ်အပိုင်းဖြစ်တဲ့အပြင် ကျွန်တော်တို့နေ့စဉ်စားသောက်နေတဲ့ အစားအသောက်တွေထဲက အဆိပ်အတောက်ဖြစ်စေမယ့်အရာတွေကိုလည်း စစ်ထုတ်ပေးတာဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့အသည်းမှာအဆီဖုံးလာပြီဆိုရင်တော့ အဆိုပါလုပ်ဆောင်မှုတွေကို အနှောင့်အယှက်ဖြစ်စေပြီး တခြားသောကျန်းမာရေးပြဿနာတွေကလည်း တစ်မျိုးမဟုတ်တစ်မျိုး ဝင်ရောက်လာနိုင်ပါတယ်။ ဒါ့အပြင် သေချာမကုသဘဲ ပေါ့ပေါ့ဆဆနေလိုက်မယ်ဆိုပါက အသက်အန္တရာယ်ကိုခြိမ်းခြောက်နိုင်တဲ့ အသည်းခြောက်ခြင်းနဲ့ အသည်းကင်ဆာတို့ကိုဖြစ်ပေါ်လာစေနိုင်တာကြောင့် အသည်းအဆီဖုံးခြင်းဟာ ကြောက်စရာမလိုပေမဲ့ မပေါ့ဆသင့်တဲ့ရောဂါတစ်မျိုးဖြစ်တယ်ဆိုတာကို ဖတ်ရှုသူပရိသတ်တို့အနေနဲ့ သတိပြုထားသင့်ပါတယ်။

အသည်းအဆီဖုံးရခြင်းရဲ့အဓိကအကြောင်းအရင်းကတော့ အရက်သောက်ခြင်းကြောင့်ဖြစ်ပြီး အ၀လွန်ခြင်း၊ ဆီးချိုနှင့် သွေးတိုးရောဂါရှိခြင်း၊  မျိုးရိုးလိုက်ခြင်း၊ ကိုယ်ဝန်ရှိခြင်း၊ အကိုက်အခဲပျောက်ဆေးများကို ညွှန်းထားသည်ထက်ပိုမိုသောက်ခြင်း၊ သွေးတွင်းအဆီဓာတ်များပြားခြင်းနဲ့ အသည်းရောင်အသည်းဝါစီပိုးကူးစက်ခံရခြင်းတို့ကလည်း အသည်းအဆီဖုံးတာကိုဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေဖြစ်တာကို တွေ့ရပါတယ်။ ဒီနေ့ခေတ်ရဲ့ အသက် ၅၀ ကျော်အရွယ်တွေကို စမ်းသပ်စစ်ဆေးလိုက်မယ်ဆိုရင်တော့ အသည်းအဆီဖုံးနေတာကိုတွေ့ရှိရပြီး ကမ္ဘာနဲ့တစ်ဝှမ်းမှာဆိုရင် အသည်းအဆီဖုံးမှုကိုခံစားနေရသူအရေအတွက်ဟာ ၉ ရာခိုင်နှုန်းမှ ၃၈ ရာခိုင်နှုန်းအထိရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် အ၀လွန်သူ ၉၀ ရာခိုင်နှုန်းဟာလည်း အသည်းအဆီဖုံးနေကြသူတွေဖြစ်တယ်လို့ ဆိုထားကြပါတယ်။

အသည်းမှာအဆီဖုံးခြင်းက အသည်းရောင်ခြင်းကိုလည်းဖြစ်စေတတ်ပြီး အသည်းရောင်နေပြီဆိုရင်တော့ အစားအသောက် ပျက်ယွင်းခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ ဗိုက်အောင့်ခြင်း၊ အားနည်းခြင်းနဲ့ စိတ်ရှုပ်ထွေးခြင်းတို့ကို ခံစားလာရမှာပါ။ ဒါ့အပြင် အသည်းရောင်တဲ့ အချိန်ကာလကရှည်ကြာလာမယ်ဆိုရင်တော့ အသည်းခြောက်ခြင်းနဲ့ အသည်းကင်ဆာတို့ဖြစ်ပေါ်လာနိုင်ပါတယ်။ အမေရိကန်နိုင်ငံမှာဆိုရင် လူဦးရေ ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိဟာ အသည်းထိခိုက်ပျက်စီးတဲ့ လက္ခဏာတွေ၊ အရိပ်အယောင်တွေပြသခြင်းမရှိဘဲ အသည်းအဆီဖုံးတဲ့အခြေအနေမျိူးရှိကြတယ်လို့ သိရပါတယ်။

အသည်းအဆီဖုံးတဲ့အခါမှာ ထူးခြားသိသာတဲ့လက္ခဏာတွေပြသခြင်းမရှိပေမယ့် မောပန်းလွယ်ပြီး ဝမ်းဗိုက်ထဲမှာလည်းမအီမသာဖြစ်သလို ခံစားနေရမှာပါ။ ဒီလိုလက္ခဏာမျိုးတွေက သာမန်အစာမကြေတဲ့အခါမျိုးတွေ၊ အောက်စီဂျင်မပြည့်၀တဲ့အခါတွေမှာလည်း ဖြစ်ပေါ်တတ်တာကြောင့် အများစုက အဆိုပါလက္ခဏာမျိုးတွေဖြစ်ပေါ်လာတဲ့အခါမှာ သတိပြုမိတတ်ကြခြင်းမရှိပါဘူး။ ဒါကြောင့် အသည်းအဆီဖုံးတာကို သွေးစစ်ခြင်း၊ တီဗွီဓာတ်မှန်ရိုက်ခြင်းနဲ့ အသည်းစယူစစ်ခြင်းတို့ကနေသာ အတည်ပြုသိရှိနိုင်မှာဖြစ်ပါတယ်။

အသည်းအဆီဖုံးတာက အသက်အန္တရာယ်ထိခိုက်စေနိုင်လောက်တဲ့အထိ မဆိုးရွားသလို ပျောက်ကင်းသက်သာဖို့အတွက်ကလည်း ကုသဖို့ဆေး (သို့မဟုတ်) ခွဲစိတ်မှုဆိုတာ မရှိပါဘူး။ ဒါကြောင့် သင့်မှာ တကယ်လို့များ အသည်းအဆီဖုံးနေတယ်ဆိုတာကို စစ်ဆေးတွေ့ရှိမယ်ဆိုရင်တော့ ဆရာဝန်က သင့်ကို ကိုယ်အလေးချိန်လျှော့ချဖို့၊ ကိုယ်လက်လှုပ်ရှားမှုပုံမှန်ပြုလုပ်ဖို့၊ အယ်လ်ကိုဟောသောက်သုံးမှုကိုရှောင်ကြဉ်ဖို့နဲ့ သွေးတွင်းသကြားဓာတ်ထိန်းဖို့ကိုသာ အကြံပေးလမ်းညွှန်မှာဖြစ်ပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ အောက်ဖော်ပြပါအစားအသောက်တွေကို စနစ်တကျစားသုံးပြီးတော့လည်း အသည်းအဆီဖုံးတာကိုလျှော့ချနိုင်ပါတယ်။

ကော်ဖီ

၂၀၂၁ ခုနှစ်တုန်းကတွေ့ရှိခဲ့တဲ့ လေ့လာမှုတစ်ခုအရဆိုရင် ကော်ဖီကိုပုံမှန်သောက်သုံးပေးခြင်းက အရက်မသောက်သူတွေအတွက် အသည်းအဆီဖုံးနိုင်ခြေကို လျှော့ချပေးနိုင်သလို အသည်းအဆီဖုံးရောဂါရှိနေတဲ့သူတွေကိုလည်း နောက်ထပ်အသည်းရောဂါတွေ မဖြစ်ပေါ်လာအောင် တားဆီးပေးနိုင်တယ်လို့ သိရပါတယ်။

အစိမ်းရောင်ဟင်းသီးဟင်းရွက်

ဟင်းနုနွယ်ရွက်အပါအဝင် တခြားသောအစိမ်းရောင်ဟင်းသီးဟင်းရွက်တွေမှာပါဝင်တဲ့ ဒြပ်ပေါင်းတွေဟာလည်း အသည်းအဆီဖုံးရောဂါကို တိုက်ခိုက်တဲ့နေရာမှာ အထောက်အပံ့ဖြစ်စေတာကို တွေ့ရပါတယ်။ ၂၀၂၁ ခုနှစ်တုန်းကတွေ့ရှိခဲ့တဲ့ လေ့လာမှုတစ်မှခုာတော့ ဟင်းနုနွယ်ရွက်စားသုံးခြင်းက အရက်မသောက်တဲ့သူတွေမှာ အသည်းအဆီဖုံးရောဂါဖြစ်နိုင်ချေကို အထူးလျော့ပါးစေနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် ဟင်းနုနွယ်ရွက်ကိုစားသုံးတဲ့အခါမှာတော့ ကြော်လှော်ပြီးမှစားသုံးတာထက် ရေနွေးနဲ့ပြုတ်ပြီး တို့စရာအဖြစ် စားသုံးတာ (သို့မဟုတ်) အရွက်သုပ်လိုမျိုးစားသုံးတာက ပိုပြီးသိသာထင်ရှားတဲ့ အကျိုးကျေးဇူးတွေရရှိစေနိုင်တယ်လို့ ဆိုပါတယ်။

ပဲအမျိုးမျိုးနှင့် ပဲပိစပ်

ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေများစွာဖြစ်ထွန်းစေတဲ့ အစားအသောက်တွေထဲမှာ ပဲအမျိုးမျိုးကလည်းအပါအဝင်ဖြစ်ပါတယ်။ ပဲပိစပ်အပါအဝင် ပဲအမျိုးမျိုးမှာဆိုရင် အာဟာရဓာတ်ပြည့်၀ပြီး ကောင်းမွန်တဲ့ကစီဓာတ်တွေပါဝင်နေတာကြောင့် ပဲစားသုံးပေးခြင်းက အ၀လွန်နေသူတွေအတွက် သွေးတွင်းသကြားဓာတ်နဲ့ Triglycerides တွေကိုလျော့နည်းစေနိုင်သလို ပဲပိစပ်မှာကလည်း ပရိုတင်းဓာတ်တစ်မျိုးဖြစ်တဲ့ β-conglycinin ပါဝင်နေတာကြောင့် အသည်းကိုကာကွယ်မှုုဖြစ်စေပါတယ်။ ဒါ့အပြင် တိုဟူးကလည်း အဆီပါဝင်မှုနည်းတဲ့ အစားအစာတစ်ခုဖြစ်တာကြောင့် သင်က အဆီစားသုံးမှုကို ကန့်သတ်ဖို့အတွက်ကြိုးစားနေတဲ့သူဖြစ်တယ်ဆိုပါက တိုဟူးကို ပရိုတင်းဓာတ်တစ်ခုအဖြစ် ရွေးချယ်စားသုံးပေးနိုင်ပါတယ်။

Omega-3

ဆော်လ်မွန်၊ တူနာနဲ့ ဆာဒင်းတို့လိုမျိုး အဆီပါဝင်မှုများပြားတဲ့ငါးတွေမှာဆိုရင် Omega-3 အက်ဆစ်ပါဝင်မှုနှုန်းများပြားတာကို တွေ့ရပါတယ်။ အဆိုပါဓာတ်ဟာ HDL ကိုလက်စထရောကိုလည်း မြှင့်တင်ပေးနိုင်ပြီး Triglycerides ပမာဏကိုလည်း လျှော့ချပေးတာကြောင့် အသည်းအဆီဖုံးမှုကို လျော့ကျစေနိုင်ပါတယ်။

အမျှင်ဓာတ်

ကိုယ်ခန္ဓာကျန်းမာရေးအတွက် ကောင်းစွာအကျိုးပြုတဲ့ဓာတ်တွေထဲကတစ်ခုဖြစ်တဲ့ အမျှင်ဓာတ်ကလည်း Triglycerides ပမာဏကိုလျှော့ချပေးနိုင်တာကြောင့် အသည်းအဆီဖုံးနိုင်ချေကို လျော့ကျစေနိုင်တယ်လို့ သိရပါတယ်။

အခွံမာသီးများ

အခွံမာသီးတွေမှာဆိုရင် ရောင်ရမ်းမှုကိုလျှော့ချပေးနိုင်ခြင်း၊ အင်ဆူလင်ခံနိုင်ရည်ရှိခြင်း၊ အသည်းအဆီဖုံးနိုင်ချေကိုလျှော့ချပေးနိုင်တဲ့ Diet တစ်မျိုးကြွယ်၀စွာပါဝင်ပါတယ်။ လေ့လာမှုတစ်ခုမှာတော့ အခွံမာသီးစားသုံးမှုမျာလာခြင်းက အသည်းအဆီဖုံးနိုင်ချေကို လျော့နည်းစေနိုင်ခြင်းနဲ့ ဆက်စပ်လျက်ရှိနေတာကိုတွေ့ရှိရပြီး သစ်ကြားသီးစားသုံးတဲ့ အသည်းအဆီဖုံးရောဂါသည်တွေမှာဆိုရင် အသည်းရဲ့ လုပ်ဆောင်စစ်ဆေးမှုတွေက ပိုမိုကောင်းမွန်နေတာကိုတွေ့ရပါတယ်။

ကြက်သွန်ဖြူ

ဟင်းချက်ပြုတ်တဲ့အခါမှာ အနံ့နဲ့ အရသာကိုပိုမိုကောင်းမွန်စေနိုင်တဲ့ ကြက်သွန်ဖြူဟာလည်း အသည်းအဆီဖုံးရောဂါရှိသူတွေအဖို့ ကိုယ်အလေးချိန်နဲ့ အဆီတွေကိုလျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။ ကြက်သွန်ဖြူကို တစ်နေ့ ၈၀၀ မီလီဂရမ်စားသုံးတဲ့ လူနာတွေမှာဆိုရင် ၁၅ ပတ်ကြာမြင့်လာတဲ့အချိန်မှာ အသည်းအဆီဖုံးမှုလျော့နည်းပြီး အင်ဇိုင်းပမာဏတွေတိုးပွားလာတာ ကိုတွေ့ရပါတယ်။

ဒီလောက်ဆိုရင်တော့ အသည်းအဆီဖုံးခြင်းနဲ့ပတ်သက်ပြီး သိရှိထားသင့်တဲ့အကြောင်းအရာတွေနဲ့ အစားအသောက်တွေအကြောင်းကို အတိုင်းအတာတစ်ခုအထိသိရှိသွားကြမယ်လို့ ထင်ပါတယ်။ နောက်တစ်ပတ်တင်ဆက်ပေးမယ့် Health Tips လေးကိုလည်း စောင့်မျှော်အားပေးကြပါဦး ပြောကြားရင်း နှုတ်ဆက်လိုက်ပါတယ်နော်။

Health Tips, Liver Diet
Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.