YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health February 14, 2023

အမျိုးသမီးတိုင်းမပေါ့ဆသင့်တဲ့ ရင်သားကင်ဆာအကြောင်းသိကောင်းစရာ

ပရိသတ်တို့အားလုံးပဲ မင်္ဂလာပါ။

ဒီနေ့ “Health Tips” အစီအစဉ်လေးမှာတော့ မြန်မာနိုင်ငံမှာ ဒုတိယအဖြစ်အများဆုံးကင်ဆာရောဂါတစ်မျိုး ဖြစ်တဲ့ ရင်သားကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာတွေအကြောင်းကို တင်ဆက်ပေးချင်ပါတယ်။

ရင်သားကင်ဆာဟာဆိုရင် ကမ္ဘာပေါ်မှာ အမျိုးသမီး ၈ ယောက်မှာ ၁ ယောက်ဖြစ်ပွားလေ့ရှိတဲ့ရောဂါမျိုးဖြစ်ပြီး အဖြစ်များဆုံးကင်ဆာမျိုးဖြစ်တယ်လို့ပြောရမယ်ဆိုလည်း မမှားပါဘူး။

ရင်သားကင်ဆာဆိုတာမျိုးက တစ်ခါတစ်လေမှာ ရောဂါလက္ခဏာတွေ စောစီးစွာပြသလေ့မရှိသလို နာကျင်မှုလည်းမရှိတာကြောင့် အမျိုးသမီးတွေအနေနဲ့ စောစောစီးစီးသိရှိအောင် ပုံမှန်စစ်ဆေးဖို့အတွက် အရေးကြီးပါတယ်။

ဒီလိုစစ်ဆေးတဲ့အခါမှာ စိတ်အချရဆုံးကတော့ ရင်သားဓာတ်မှန်ရိုက်ခြင်းပါပဲ။ အမေရိကန်နိုင်ငံမှ Cancer Society ရဲ့ လမ်းညွှန်ချက်အရဆိုရင် အမျိုးသမီးတွေဟာ အသက် ၄၀ အရွယ်ကစတင်ပြီး ၁ နှစ် ၁ ကြိမ် (သို့မဟုတ်) ၂ နှစ် ၁ ကြိမ် ရင်သားဓာတ်မှန်ရိုက်ပြီး စစ်ဆေးသင့်ပါတယ်။ တကယ်လို့ ဒီလိုမစစ်ဆေးဖြစ်ဘူး ဆိုရင်လည်း အိမ်ထောင်သည်ဖြစ်စေ၊ အပျိုဖြစ်စေ ရင်သားမှာ အကျိတ်တွေ၊ အဖုတွေ၊ အလုံးတွေ ရှိ၊ မရှိတာကို မိမိကိုယ်တိုင်လက်နဲ့ စမ်းသပ်စစ်ဆေးနိုင်ပါတယ်။

အကြောင်းကတော့ ရင်သားကင်ဆာရဲ့ အသိသာဆုံး လက္ခဏာက ရင်သားနဲ့ လက်မောင်းတစ်ဝိုက်မှာ အကျိတ်တွေ၊ အဖုတွေနဲ့ အလုံးတွေ ရှိတတ်တာကြောင့်ပါပဲ။ ဒါပေမယ့်လည်း ဒီလိုစမ်းသပ်တဲ့အခါမှာတွေ့ရတဲ့ ရင်သားအကျိတ်အများစုကတော့ ကင်ဆာမဟုတ်ကြဘဲ အကျိတ်ပုံစံက နာကျင်မှုမရှိဘဲ မာကြောနေခြင်း၊ ရွေ့လျားမှုမရှိခြင်းတို့ဖြစ်နေပြီဆိုရင်တော့ ကင်ဆာဖြစ်နိုင်တာကြောင့် နီးစပ်ရာဆေးရုံ၊ ဆေးခန်းဆီကို အမြန်ဆုံးသွားရောက်ပြီး စစ်ဆေးကုသသင့်ပါတယ်။

မိမိရင်သားကို မိမိကိုယ်တိုင်ကိုင်တွယ်စမ်းသပ်ဖို့အတွက်ကတော့ အချိန်အားဖြင့် မိနစ်အနည်းငယ်သာလိုအပ်ပြီး စမ်းသပ်စစ်ဆေးကြည့်ဖို့ အသင့်တော်ဆုံးအချိန်ဟာဆိုရင် ရာသီသွေးဆင်းပြီးတဲ့အချိန်ဖြစ်တယ်လို့ ဆိုပါတယ်။ စမ်းသပ်တဲ့အခါမှာလည်း မတ်တပ်ရပ်၍ဖြစ်စေ၊ လဲလျောင်း၍ဖြစ်စေ အနည်းဆုံး တစ်လမှာတစ်ခါတော့ စမ်းသပ်သင့်ပြီး ရာသီစက်ဝန်းမမှန်တဲ့အမျိုးသမီးတွေအနေနဲ့ကတော့ လစဉ်ရက်တစ်ရက်ပုံမှန်သတ်မှတ်ပြီး စမ်းသပ်သင့်တယ်လို့ အကြံပြုထားကြပါတယ်။

စမ်းသပ်ရမယ့်ပုံစံကတော့ လဲလျောင်းအနေအထားနဲ့ဆိုပါက ယာဘက်ရင်သားကို စမ်းဖို့အတွက် ယာဘက်ပခုံးအောက်မှာ ခေါင်းအုံးတစ်လုံးထားပြီး ယာဘက်လက်ကို ဦးခေါင်းပေါ်သို့မြှောက်ထားကာ ဝဲဘက်လက်နဲ့ စမ်းသပ်ရမှာဖြစ်ပါတယ်။ ထို့နည်းတူ ဝဲဘက်ရင်သားကို စမ်းသပ်တဲ့အခါမှာလည်း ဝဲဘက်ပုခုံးအောက်မှာ ခေါင်းအုံးတစ်လုံးထားပြီး ယာဘက်လက်နဲ့ကိုင်တွယ်စမ်းသပ်ရမှာဖြစ်ကာ လက်အနေအထားကတော့ လက်ညှိုး၊ လက်ခလယ်နဲ့ လက်သူကြွယ်တို့ကို အသုံးပြုရမှာဖြစ်ပါတယ်။ ဒီလိုစမ်းသပ်စစ်ဆေးတဲ့အခါမှာတော့ ရင်ညွန့်အပေါ်နဲ့အောက်ဘက်အပြင် ဂျိုင်းအောက်နဲ့ လက်မောင်း အတွင်းသားတို့ကိုလည်း စမ်းသပ်ရမှာဖြစ်တယ်လို့ သိရပါတယ်။

ကင်ဆာရောဂါရဲ့တခြားလက္ခဏာတွေကတော့

– ရင်သားနေရာတစ်ခုလုံး ရောင်ရမ်းခြင်း။

– ရင်သားအရေပြားက လိမ္မော်သီးအခွံလို အပေါက်များဖြစ်လာခြင်း၊

– နို့သီးခေါင်း အတွင်းဘက်ဆွဲဝင်ခြင်း။

– နို့သီးခေါင်းထိပ်မှ အရည်ကြည်များထွက်ခြင်း။

– ရာသီပြီးဆုံးချိန်မှာလည်း ရင်သားနှင့် နို့သီးခေါင်းတို့ နာကျင်ကိုက်ခဲခြင်း။

– ထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ နို့သီးခေါင်း (သို့မဟုတ်) ရင်သားအရေပြား နီမြန်းခြင်း၊ ခြောက်ကပ်ခြင်း၊ ကွာကျခြင်းနှင့် ထူအမ်းခြင်းတို့ပဲ ဖြစ်ပါတယ်။

ဒီရောဂါလက္ခဏာတွေဟာ ကင်ဆာမဟုတ်တဲ့ တခြားရောဂါတွေမှာလည်းဖြစ်တတ်တယ်ဆိုပေမယ့် အကောင်းဆုံးနည်းလမ်းကတော့ ဒီလိုလက္ခဏာတွေဖြစ်ပေါ်လာပြီဆိုတာနဲ့ ကျွမ်းကျင်တဲ့ကျန်းမာရေးပညာရှင်နဲ့ အမြန်ဆုံးတိုင်ပင်ပြသသင့်ပါတယ်။ ရင်သားကင်ဆာဖြစ်နိုင်ချေရှိတယ်လို့ ယူဆတဲ့အခါမှာတော့ အသားစယူကာ စစ်ဆေးအဖြေထုတ်ကြပြီး ဒီလိုစစ်ဆေးတဲ့နည်းလမ်းကသာလျှင် ကင်ဆာဟုတ်၊ မဟုတ်ဆိုတာကို သေချာသိရှိနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းဖြစ်ပါတယ်။ ကင်ဆာမဟုတ်တဲ့ရိုးရိုးရင်သားအကျိတ်ကတော့ ခွဲစိတ်ပြီးထုတ်ပစ်လိုက်တာနဲ့ နောက်ထပ်တစ်နေရာဆီကို ပျံ့နှံခြင်းမရှိတော့တာကြောင့် အသက်အန္တရာယ်ကို စိုးရိမ်စရာမလိုပါဘူး။ ဒါပေမယ့် ရင်သားကင်ဆာဖြစ်နိုင်တဲ့အကျိတ်ကတော့ နီးစပ်ရာခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ပျံ့နှံ့သွားတဲ့အတွက် အသက်အန္တရာယ်ရှိနိုင်တာကို သတိထားရမှာဖြစ်ပြီး စောစီးစွာစနစ်တကျနဲ့ ကုသမှုခံယူမယ်ဆိုရင်တော့ ရောဂါပျောက်ကင်းနိုင်မှာဖြစ်ပါတယ်။

ရင်သားကင်ဆာဖြစ်နိုင်ချေများတဲ့သူတွေကတော့

– ကိုယ်တိုင်ဆေးလိပ်သောက်သုံးတဲ့အမျိုးသမီးတွေ

– ဆေးလိပ်မသောက်ပေမယ့်လည်း ဆေးလိပ်ငွေ့ကို နေ့စဉ်နဲ့အမျှရှူရှိုက်နေကြရသူတွေ

– ရင်သားကင်ဆာဖြစ်ဖူးတဲ့ ဆွေမျိုးရင်းချာရှိသူတွေ

– အ၀လွန်သူတွေ

– ကိုယ်ဝန်မဆောင်ဖူးသူတွေ

– ရာသီစောလာသူတွေ

– သွေးဆုံးနောက်ကျသူတွေနဲ့

– သွေးဆုံးပြီးနောက် ဟော်မုန်းကုသမှုခံယူသူတွေပဲဖြစ်ပါတယ်။

ရင်သားကင်ဆာဟာ အမျိုးသားတွေမှာလည်းဖြစ်ပွားတတ်တယ်ဆိုပေမယ့် အယောက် ၁၀၀၀ မှာ ၁ ယောက် သာလျှင်ဖြစ်လေ့ရှိတာမို့လို့ အမျိုးသမီးထက်စာရင်တော့ ဖြစ်ပွားနိုင်တဲ့ ရာခိုင်နှုန်းပမာဏနည်းလွန်းပါတယ်။ အမျိုးသမီးတွေအနေနဲ့ ရင်သားကင်ဆာဖြစ်ပွားနိုင်ချေကနေ ကာကွယ်နိုင်ဖို့အတွက်နည်းလမ်းကတော့ ကျန်းမာရေးနဲ့ ညီညွတ်မျှတစွာစားသောက်နေထိုင်ခြင်း၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီး၀လံတို့ကို ပိုမိုစားသုံးပေးခြင်း၊ စိတ်ဖိစီးမှုကို အတတ်နိုင်ဆုံးလျှော့ချခြင်းနဲ့ အ၀မလွန်စေရန် ကိုယ်ခန္ဓာအလေးချိန်ကို စနစ်တကျထိန်းသိမ်းခြင်းတို့ပဲဖြစ်ပါတယ်။

ဒီတစ်ပတ် Health Tips အစီအစဉ်မှာတင်ဆက်ပေးခဲ့တဲ့ ရင်သားကင်ဆာအကြောင်း နှင့် ကာကွယ်နိုင်ရန် နည်းလမ်းများကို သေချာသိရှိသွားပြီလို့ ယုံကြည်ပါတယ်။ နောက်တစ်ပတ်မှာ ပြန်လည်ဆုံတွေ့ကြပါမယ်နော်။

ပရိသတ်များအားလုံး ကျန်းမာချမ်းသာကြပါစေ။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.