YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health February 6, 2023

အိပ်မက်မက်ခြင်းက ကောင်းမွန်တဲ့အိပ်စက်ခြင်းကိုရရှိစေနိုင်သလား။

အိပ်မက်မက်ခြင်းက ကောင်းမွန်တဲ့အိပ်စက်ခြင်းကိုရရှိစေနိုင်သလား။

လူတိုင်းလူတိုင်း အိပ်စက်တဲ့အချိန်မှာ အိပ်မက်တွေမက်ဖူးကြမှာပါ။ လူတွေအများစုကတော့ အိပ်စက်တဲ့အခါမှာ အိပ်မက်တွေမက်ရင် အိပ်ရေး၀တယ်လို့ သတ်မှတ်ကြလေ့ရှိပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ ရှာဖွေလေ့လာမှု အသစ်တွေမှာ ဆိုရင်လည်း အိပ်မက်မက်ခြင်းက ဆုံးဖြတ်ချက်ကောင်းတွေချတဲ့နေရာမှာ အထောက်အကူ ဖြစ်စေတယ်လို့ တွေ့ရှိထားကြ ပါတယ်။ ဒါဆို အိပ်မက်မက်ခြင်းနဲ့ပတ်သက်လို့ ပရိသတ်တို့အနေနဲ့ သိရှိထားသင့်တဲ့ ဗဟုသုတအကြောင်းအရာတွေကို MI Radio ရဲ့ “Health Tips” အစီအစဉ်ကနေ တင်ဆက်ပေးလိုက်ပါတယ်။

အိပ်မက်တွေအကြောင်းမပြောခင်မှာ အိပ်စက်ခြင်းအဆင့်လေးဆင့်အကြောင်းကို ဦးစွာဖော်ပြပေးလိုပါတယ်။ လူတစ်ယောက်ဟာ အိပ်စက်တဲ့အခါမှာဖြစ်ပေါ်လာတဲ့ ဦးနှောက်လှိုင်းတွေအပေါ်မူတည်ပြီး Non-Rapid Eye Movement (NREM) Sleep အဆင့်သုံးဆင့်နဲ့ Rapid Eye Movement (REM) Sleep အဆင့်တစ်ဆင့်ဆိုတဲ့ အိပ်စက်ခြင်းအဆင့် လေးဆင့်ရှိကာ အဆိုပါအဆင့်လေးဆင့်ကိုတော့ Sleep Cycle (အိပ်ချိန်စက်ဝန်း) တစ်ခု သတ်မှတ်နိုင်ပါတယ်။ ယင်း Sleep Cycle (အိပ်ချိန်စက်ဝန်း) ဟာဆိုရင်တော့ ပုံမှန်ညတစ်ညမှာ လေးခုကနေ ခြောက်ခုအထိရှိနိုင်တယ်လို့ ဆိုပါတယ်။

အဆင့် – ၁ (NREM/N1)

အိပ်တဲ့အခါမှာ ပထမဆုံးဖြစ်ပေါ်လာတဲ့ အဆင့် ၁ ကတော့ Dozing Off Stage လို့ခေါ်တဲ့ မှိန်းတဲ့အဆင့် ပဲဖြစ်ပါတယ်။ အဲဒီအဆင့်ဟာဆိုရင် တစ်မိနစ်ကနေ ငါးမိနစ်အထိကြာမြင့်တက်ပြီး အသံတစ်ခုခုကြောင့် (သို့မဟုတ်) အကြောင်းအရင်း တစ်စုံတစ်ရာကြောင့်လည်း နိုးလွယ်တတ်တဲ့အဆင့်ဖြစ်တယ်လို့သိရပါတယ်။

အဆင့် – ၂ (NREM/N2)

အဆင့် ၂ ကိုရောက်ပြီဆိုရင်တော့ ခန္ဓာကိုယ်အပူချိန်ကကျဆင်းသွားပြီး ကြွက်သားတွေကလည်း ပြေလျော့လာကာ နှလုံးခုန်နှုန်းနဲ့ အသက်ရှူနှေးခြင်းတို့ကလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီအဆင့်မှာ မျက်လုံးမျက်အိမ် လှုပ်ရှားမှုကလည်း ရပ်တန့်သွားပြီး ဦးနှောက်လှိုင်းတွေကလည်းနှေးကွေးလာကာ လွယ်လင့်တကူ မနိုးကြားဖို့အတွက် လုပ်ဆောင်ပေးတဲ့ ဦးနှောက်လှိုင်းတစ်မျိုးကတော့ လှုပ်ရှားလာတာကိုတွေ့ရတယ်လို့ ဆိုပါတယ်။ Sleep Cycle (အိပ်ချိန်စက်ဝန်း) တစ်ခုမှာ အဆင့် – ၂ အိပ်စက်မှုက ပုံမှန်အားဖြင့် ၁၀ မိနစ်ကနေ ၂၅ မိနစ်အထိကြာမြင့်တက်ပြီး တစ်ညတာအတွင်းမှာ ပိုပိုရှည်ကြာလာလေ့ရှိပါတယ်။ ဒါကြောင့် ယျေဘူယျအားဖြင့်ဆိုရမယ်ဆိုရင် လူတစ်ယောက်ရဲ့ အိပ်ချိန်တစ်ဝက်က အဆင့် ၂ မှာတင် ကုန်ဆုံးသွားလေ့ရှိတယ်လို့ သိရပါတယ်။

အဆင့် -၃ (NREM/N3)

သင်ဟာ အိပ်မောကျသွားပြီဆိုရင်တော့ ဒါဟာ အိပ်စက်မှု အဆင့် ၃ ကိုရောက်ရှိသွားပြီလို့ ဆိုနိုင်ပါတယ်။ အဲဒီအဆင့်မှာဆိုရင် ကြွက်သားတွေက ပိုမိုပြေလျော့လာပြီး သွေးခုန်နှုန်းတွေနဲ့ အသက်ရှူနှုန်းတွေကလည်း အဆင့် ၂ ကထက် ပိုမိုနှေးကွေးသွားမှာဖြစ်ကာ ဦးနှောက်လှိုင်းတွေမှာတော့ Delta Waves လို့ခေါ်တဲ့ လှုပ်ရှားမှုတွေကလည်း ရှိလာမှာဖြစ်ပါတယ်။ အိပ်မောကျတဲ့အဆင့်ကိုရောက်ပြီဆိုရင် ဒါဟာ ကိုယ်ခန္ဓာကျန်းမာရေးအတွက် အရေးပါတဲ့ ကိုယ်ခံအားစနစ်ကိုလည်းကောင်းမွန်စေတယ်လို့လည်း ကျွမ်းကျင်တဲ့ပညာရှင်တွေက ဆိုထားကြပါတယ်။

အဆင့် – ၄ (REM)

အိပ်စက်ခြင်းအဆင့်လေးဆင့်ထဲက နောက်ဆုံးအဆင့်မှာတော့ မျက်လုံးတွေက မှိတ်ထားပေမယ့်လည်း လျင်မြန်စွာရွေ့လျားနေတာကြောင့် အဆိုပါအဆင့်ကို Rapid Eye Movement (REM) လို့ခေါ်ဆိုတာဖြစ်ပါတယ်။ ဒီအဆင့်မှာဆိုရင်တော့ ပထမအဆင့်သုံးဆင့်နဲ့ကွဲပြားစွာ အသက်ရှူနှုန်းနဲ့ သွေးခုန်နှုန်းတွေက မြန်နေတတ်ပြီး မျက်လုံးလှုပ်ရှားမှုနဲ့ အသက်ရှူတဲ့နေရာမှာအရေးပါတဲ့ ကြွက်သားတွေကလွဲလို့ တခြားကြွက်သားတွေအားလုံးကလည်း ခဏတာမလှုပ်ရှားနိုင်တဲ့အခြေအနေမျိုးကို ခံစားရတတ်ပါတယ်။ ဒီအဆင့်ဟာ လေ့လာသင်ယူနိုင်စွမ်း၊ တီထွင်နိုင်စွမ်း၊ ဖန်တီးမှုစွမ်းရည်နဲ့ မှတ်ဉာဏ်စွမ်းအားတို့အတွက် အရေးပါတဲ့အဆင့်ဖြစ်ပြီး အိပ်မက်တွေကလည်း အဆိုပါအဆင့်မှာ ပိုပြီးသိသာထင်ရှားတယ်လို့ ဆိုပါတယ်။

အိပ်မက်တွေဆိုတာဟာ များသောအားဖြင့် ကျွန်ုပ်တို့ တစ်နေ့လုံးကြုံတွေ့လာခဲ့တဲ့ဖြစ်ရပ်တွေနဲ့ အတွေးတွေကို အခြေတည်ပြီး အိပ်စက်နေတဲ့အချိန်မှာဖြစ်ပေါ်လာတဲ့အရာတွေဖြစ်ပါတယ်။ အိပ်မက်မက်ရတဲ့အကြောင်းကတော့ ဦးနှောက်မှာသိမ်းဆည်းထားတဲ့မှတ်ဉာဏ်တွေနဲ့ စိတ်ခံစားချက်တွေကို အစဉ်တကျဖြစ်ပြီး ဦးနှောက်စွမ်းဆောင်ရည် မြင့်မားဖို့အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။ သုတေသနပညာရှင်တွေရဲ့လေ့လာတွေ့ရှိချက်တွေအရဆိုရင် ကျွန်ုပ်တို့ တစ်နေ့တာလုံးကြုံတွေ့လာရတဲ့ ပြသနာအခက်အခဲတွေအတွက်အဖြေကို အိပ်မက်တွေထဲမှာ ရှာဖွေတွေ့ရှိနိုင်တယ်လို့ သိရပါတယ်။   အိပ်မက်တွေမက်တဲ့အခါမှာ တချို့တွေက အရောင်မပါတဲ့ အဖြူ၊ အမဲအသွင်ဟန်တွေကိုသာ မြင်မက်ကြ သလို တချို့တွေကျတော့လည်း အရောင်အသွေး အစုံအလင်နဲ့ မက်လေ့ရှိကြပါတယ်။ အမြင်အာရုံ ချို့တဲ့နေတဲ့သူတွေ ကတော့ အိပ်မက်ကို ပုံရိပ်တွေဆိုတာထက် အသံ၊ အနံ့၊ အရသာအစရှိတဲ့ အာရုံသုံးပါးနဲ့ မြင်မက်တတ်ကြတာဖြစ်ပါတယ်။  

သုတေသနပညာရှင်တွေရဲ့ တွေ့ရှိချက်တွေအရတော့ နောက်ဆုံးအဆင့်ဖြစ်တဲ့ Rapid Eye Movement အဆင့်မှာ မက်လေ့ရှိတဲ့ အိပ်မက်တွေက စိတ်ကူးယဉ်ဆန်တယ်ဆိုပေမယ့်လည်း လက်တွေ့ဘ၀နဲ့ပိုမိုနီးစပ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် Non-Rapid Eye Movement (NREM) အဆင့်မှာမက်တဲ့အိပ်မက်တွေကတော့ ပိုမိုရိုးရှင်းပြီး မနိုးခင်အချိန်မှာ အများဆုံးမက်တာကတော့ REM အဆင့်မှာမက်တဲ့ အိပ်မက်တွေဖြစ်တယ်လို့ဆိုပါတယ်။

ကောင်းမွန်တဲ့အိပ်စက်ခြင်း၊ တစ်နည်းအားဖြင့် အိပ်ရေး၀ခြင်းဆိုတာကတော့ အိပ်ပျော်ဖို့အတွက် အထူးတလည် မကြိုးစားရဘဲ လွယ်လင့်တကူအိပ်ပျော်ပြီး မနက်ခင်းမှာကြည်လင်စွာနိုးထလာခြင်းပဲဖြစ်ပါတယ်။ အိပ်မက်မက်ခြင်းက  ကောင်းမွန်တဲ့အိပ်စက်ခြင်းကိုရရှိစေနိုင်သလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်လို့ ကျွမ်းကျင်သူတွေရဲ့ဖြေရှင်းချက်ထဲမှာတော့ မက်တဲ့အိပ်မက်အမျိုးအစားပေါ်မှာ မူတည်တယ်လို့ဆိုထားကြတာကိုတွေ့ရပါတယ်။ ကောင်းမွန်တဲ့အိပ်မက်တွေက လေ့လာသင်ယူနိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ မှတ်ဉာဏ်စွမ်းအားတွေကိုရရှိစေဖို့အတွက် တွန်းအားပေးတာကြောင့် ကောင်းမွန်တဲ့အိပ်စက်ခြင်း (အိပ်ရေး၀ခြင်း) ကိုရရှိနိုင်ပေမယ့် အိပ်မက်ဆိုးတွေကတော့ အိပ်စက်ခြင်းကိုအနှောင့်အယှက် ဖြစ်နိုင်တာကြောင့် အကြိမ်အရေအတွက်များလာတဲ့အခါမှာ အိပ်ရေးမ၀တော့ဘဲ နေ့တဓူ၀အရေးကိစ္စတွေကို လှုပ်ရှားဆောင်ရွက်ရာမှာ လုပ်ဆောင်မှုစွမ်းရည်တွေကို ကျဆင်းလာစေနိုင်ပါတယ်။ ဒါ့အပြင် အိပ်မက်ဆိုးတွေမက်မှာ စိုးရိမ်ပြီးမအိပ်ဘဲနေရာကနေ အိပ်မပျော်တဲ့ရောဂါလည်း စွဲကပ်လာနိုင်တာကြောင့် သင့်အနေနဲ့ အိပ်မက်ဆိုးတွေကို ဆက်တိုက်ဆိုသလို အချိန်ကြာမြင့်စွာမက်နေပြီဆိုပါက  ဆရာဝန်နဲ့တွေ့ဆုံပြီး ကုသမှုကိုအမြန်ဆုံးခံယူသင့်ပါတယ်။

အိပ်မက်သုတေသီတွေကတော့ ဘ၀အတွက်အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို ချရခါနီးအချိန်မှာဖြစ်ပေါ်လာတဲ့ အိပ်မက်တွေက နမိတ်တွေဖြစ်တယ်လို့ဆိုကြပေမယ့် များသောအားဖြင့် လူတွေကမက်လာတဲ့အိပ်မက်တွေကို အတိအကျ မှတ်မိခြင်းမရှိကြပါဘူး။ ဒါကြောင့် အိပ်မက်တွေကိုမှတ်မိဖို့အတွက် အကျင့်ပြုလုပ်ထားသင့်ပါတယ်။ အိပ်မက်တွေကို မှတ်မိနိုင်မယ့်အလွယ်ဆုံးအကျင့်ကတော့ အိပ်ရာနိုးတာနဲ့ ခေါင်းထဲမှာပေါ်လာတဲ့အိပ်မက်အကြောင်းကို မဖြစ်နိုင်တဲ့ အရာတွေ၊ တန်ဖိုးမရှိတဲ့အရာတွေဖြစ်စေကာမူ စာအုပ်ထဲမှာ အားလုံးချက်ချင်းချရေးဖို့ပါပဲ။ အိပ်မက်တွေကို ဘာသာပြန်ဖို့၊ အဓိပ္ပါယ်ကောက်ယူဖို့ခက်ခဲတယ်ဆိုပေမယ့် တစ်ခါတစ်လေမှာ အဓိပ္ပါယ်မရှိဘူးလို့ထင်တဲ့အရာတွေက ဘ၀အတွက် တန်ဖိုးအရှိဆုံးနိမိတ်တွေဖြစ်လာနိုင်ပါတယ်။

ဒီလောက်ဆိုရင်တော့ အိပ်မက်မက်ခြင်းနဲ့ပတ်သက်လို့သိရှိထားသင့်တဲ့ အကြောင်းအရာတွေကို သိရှိလောက်ကြ မယ်လို့ ထင်ပါတယ်နော်။ နောက်တစ်ပတ်တင်ဆက်ပေးသွားမယ့် Health Tips အစီအစဉ်လေးမှာရော ဘယ်လို ကျန်းမာရေး ဗဟုသုတတွေကိုမျှဝေဖော်ပြပေးမလဲဆိုတာကို စောင့်မျှော်အားပေးကြပါဦး။ MI Radio ရဲ့ ပရိသတ်တွေအားလုံးလည်း လှပတဲ့အိပ်မက်တွေနဲ့အတူ ကောင်းမွန်တဲ့အိပ်စက်ခြင်းကိုရရှိပြီး သာယာပျော်ရွှင် စရာကောင်းတဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆန္ဒပြုဆုတောင်းပေးလိုက်ပါတယ်နော်။

Health Tips, Dreaming and Health
Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.