အချိုမှုန့်စားသုံးခြင်းက တကယ်ပဲအန္တရာယ်ရှိသလား။
သင် နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲမှာပါဝင်နေတဲ့ အချိုမှုန့် (ခေါ်) ဟင်းခတ်မှုန့်အကြောင်းနဲ့ပတ်သက်ပြီး သင့်အနေနဲ့ ဘယ်လောက်အထိ လေ့လာထားမိပါသလဲ။ အချိုမှုန့်စားသုံးခြင်းဟာ လူတွေပြောကြသလိုမျိုး တကယ်ပဲ ကျန်းမာရေးအတွက် ဆိုးကျိုးတွေရှိနိုင်သလား။ နောက်ဆုံးပြုလုပ်ထားတဲ့ သုတေသနရလဒ်တွေမှာရော ဘယ်လိုဖော်ပြထားသလဲဆိုတာကိုတော့ ဒီတစ်ပတ်အတွက် Health Tips အစီအစဉ်ကနေ တင်ဆက်ပေးလိုက်ပါတယ်။
MSG လို့လည်းအတိုကောက်ခေါ်ကြတဲ့ အချိုမှုန့်ကို ဂျပန်လူမျိုး သိပ္ပံပညာရှင်တစ်ယောက်က ၁၉၀၈ ခုနှစ်က စတင်တွေ့ရှိခဲ့တာ ဖြစ်ပြီး အဲဒီနောက်မှာတော့ နှစ်ပေါင်း ၄၀ ကျော်အထိတိုင် အစားအစာတွေမှာ ထည့်သွင်းချက်ပြုတ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ၁၉၆၀ ခုနှစ် နောက်ပိုင်းမှာတော့ အချိုမှုန့်ဟာ ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေတယ်ဆိုတဲ့အချက်နဲ့ တားမြစ်ပိတ်ပင်မှု တွေရှိလာခဲ့တာကြောင့် စားသောက်ဆိုင်တွေကလည်း သူတို့တွေရဲ့ အစားအသောက်တွေထဲမှာ အချိုမှုန့်ကို ထည့်သွင်းအသုံးပြု ထားခြင်း မရှိကြောင်းကို ကြေညာခဲ့ကြပါတယ်။ သုတေသနပညာရှင်တွေကတော့ အဲဒီအချိန်ကတည်းက MSG ဆိုတာဟာ လူတွေသတ်မှတ်ထားကြသလိုမျိုး မကောင်းတဲ့ဟင်းခတ်ပစ္စည်းတစ်မျိုးမဟုတ်ဘူးဆိုတာကို သုတေသနပြုလုပ်ကာ ရှင်းလင်း ပြောခဲ့ကြပြီး အချိုမှုန့်ကြောင့်လည်း ထိခိုက်မှုကြီးကြီးမားမားမရှိဘူးလို့ ဆိုခဲ့ကြပါတယ်။
အချိုမှုန့်ဆိုတာကတော့ အရသာမြှင့်တင်ပေးနိုင်တဲ့ Monosodium Glutamate ဒြပ်ပေါင်းတစ်ခုဖြစ်ပြီး Sodium Salt လို့ခေါ်တဲ့ အငန်ဓာတ်နဲ့ Glutamate လို့ခေါ်တဲ့ အချိုဓာတ်တို့ကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အချိုမှုန့်ကို အာရှဒေသအတွင်းမှ အစားအစာချက်ပြုတ်မှုတွေမှာသာမက အသင့်စားအစားအသောက်တွေနဲ့ Fast Food တွေမှာလည်း ထည့်သွင်းအသုံးပြုကြတာတွေ့ပါတယ်။ အချိုမှုန့်ကို Amino Acid တစ်မျိုးဖြစ်တဲ့ L-glutamic Acid ကနေထုတ်လုပ်ထားတာဖြစ်ပြီး L-glutamic Acid ဆိုတာကိုကတော့ ပြောင်း၊ ကြံ၊ သကြားမုန်လာ၊ ပီလောပီနံနဲ့ သကာတို့ကို ကစော်ဖောက်ထားတာဖြစ်တယ်လို့ သိရပါတယ်။ တကယ်တော့ အချိုမှုန့် (MSG) မှာ အဓိကပါဝင်တဲ့ Glutamic Acid ဆိုတာက ခန္ဓာကိုယ်ထဲမှာရှိပြီးသား Amino Acid ဖြစ်တာကြောင့် မရှိမဖြစ်လိုအပ်နေတဲ့အရာမျိုးတော့မဟုတ်ပါဘူး။
MSG ကို သဘာ၀အားဖြင့် ခရမ်းချဉ်သီးနဲ့ ချိစ်မှာတွေ့နိုင်သလို အဆင်သင့်ထုတ်ပိုးပြင်ဆင်ထားတဲ့ ဟင်းသီးဟင်းရွက်၊ အချဉ်ရည်၊ အသားလွှာ၊ အာလူးကြော်၊ စွပ်ပြုတ်နဲ့ ပဲငံပြာရည်အပါအဝင် တခြားစားသောက်ကုန်များစွာမှာလည်း တွေ့ရှိနိုင်ပါတယ်။ MSG ခေါ် အချိုမှုန့်ရဲ့သဘောက စားသုံးလို့ပါးစပ်ထဲရောက်သွားပြီဆိုတာနဲ့ ခံတွင်းမှာ တံတွေးထွက်ရှိလာမှုကို ပိုမိုတိုးပွားသွားစေပါတယ်။ အဲဒီအခါမှာ တံတွေးနဲ့ ပါဝင်ပစ္စည်းတွေက ဓာတ်ပြုသွားပြီး အစားအသောက်တွေကို ပိုမိုအရသာရှိစေတာဖြစ်တယ်လို့ ဆိုပါတယ်။ အချိုမှုန့် (MSG) မှာ Sodium Salt လို့ခေါ်တဲ့ အငန်ဓာတ်ပါဝင်တယ်ဆိုပေမယ့်လည်း သူ့ရဲ့ပါဝင်မှုနှုန်းဟာ စားပွဲတင်ဇွန်းရဲ့ သုံးပုံတစ်ပုံခန့်သာဖြစ်တာကြောင့် ဒါဟာ များပြားတဲ့ပမာဏမဟုတ်ဘူးလို့ ဆိုနိုင်ပါတယ်။
ဒီနေရာမှာ ပရိသတ်တွေအနေနဲ့ အချိုမှုန့်စားသုံးတာက အန္တရာယ်ရှိလား၊ ဘေးကင်းရဲ့လားဆိုတဲ့ မေးခွန်းတွေကို သိချင်ကြလိမ့်မယ်လို့ ထင်ပါတယ်။ အချိုမှုန့် (MSG) ကို ၁၉၀၀ ပြည့်နှစ်အစောပိုင်းလောက်က စတင်အသုံးပြုလာခဲ့ကြတာဆိုပေမယ့် ၁၉၆၀ ခုနှစ် နောက်ပိုင်းမှာတော့ MSG ဟာ ကျန်းမာရေးပြဿနာတွေမျိုးစုံကို ဖြစ်လာစေနိုင်တဲ့ ဟင်းခတ်ပစ္စည်းတစ်မျိုးအဖြစ် ရုတ်တရက် သတ်မှတ်ခဲ့ကြပါတယ်။
ဒါပေမယ့်လည်း လက်ရှိအချိန်မှာတော့ သုတေသနပညာရှင်တွေက ဒီသတ်မှတ်ချက်တွေကိုပြောင်းလဲပစ်လိုက်ပြီဖြစ်ပြီး အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) ကလည်း MSG ဟာ ယေဘူယျအားဖြင့် စားသုံးဖို့အတွက် စိတ်ချရတယ်လို့ ဆိုထားပါတယ်။ ဒီအဆိုပြုချက်ကို စားသောက်ကုန်ဆိုင်ရာကမ္ဘာ့အဖွဲ့အစည်းကြီးတွေဖြစ်တဲ့ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့လည်း သဘောတူလက်ခံထားတာကို တွေ့ရပါတယ်။ ဒါပေမယ့် နှစ်ပေါင်းများစွာ အန္တရာယ်ရှိတဲ့ဟင်းခတ်ပစ္စည်းအဖြစ် သတ်မှတ်ခံလာခဲ့ရတာကြောင့် လူအများအနေနဲ့ ဒီအဆိုပြုချက်ရလဒ်တွေကို ယုံကြည်လက်ခံလာဖို့အတွက်ကတော့ အချိန်တစ်ခုကြာတဲ့အထိ ကြာမြင့်နေဦးမှာပါပဲ။
၁၉၆၀ ခုနှစ်နောက်ပိုင်းကာလတွေတုန်းက လေ့လာတွေ့ရှိချက်တွေမှာတော့ အချိုမှုန့်စားသုံးခြင်းကြောင့် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ အ၀လွန်ခြင်း၊ မျိုးပွားစွမ်းရည်ကျဆင်းခြင်းနဲ့ ဦးနှောက်ဆဲလ်တွေကို ပျက်စီးယိုယွင်းခြင်းတို့ဖြစ်နိုင်သလို ရေငတ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်း၊ ချွေးထွက်ခြင်း၊ အကြောများတောင့်တင်းခြင်း၊ ကိုယ်လက်အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း၊ ဗိုက်အောင့်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ အိပ်ငိုက်ခြင်းတို့လိုမျိုး ဝေဒနာတွေကိုလည်းခံစားရနိုင်တယ်လို့ ဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ဆုံးထွက်ပေါ်လာတဲ့ လေ့လာတွေ့ရှိမှုတွေအရတော့ ဒီလိုရောဂါလက္ခဏာတွေက အချိုမှုန့်နဲ့ ဓာတ်တည့်မှုမရှိသူတွေ၊ အချိုမှုန့်ကို လိုအပ်တဲ့ပမာဏထက်ပိုမိုစားသုံးတဲ့သူတွေ (သို့မဟုတ်) အစားအစာမပါဘဲ အချိုမှုန့်ချည်းပဲသီးသန့်စားသုံးကြတဲ့သူ အနည်းငယ်ဆီမှာသာဖြစ်တတ်ပြီး တချို့လက္ခဏာတွေဆိုရင် နာရီ အနည်းငယ်အတွင်းမှာ သက်သာပျောက်ကင်းသွားတယ်လို့ ဆိုပါတယ်။
အချိုမှုန့်က စားလို့ရတယ်လို့ သုတေသနရလဒ်တွေကဆိုထားပေမယ့်လည်း ဘယ်အရာမဆို အလွန်အကျွံစားသုံးတဲ့အခါမှာ ဘေးဥပါဒ်ဖြစ်စေတာကြောင့် နဂိုစားနေတဲ့ပမာဏထက်လျှော့ချပြီး ချင့်ချိန်စားသုံးဖို့ အကြံပေးပါရစေ။ ဥပမာဆိုရရင် အချိုမှုန့်ဆိုတာက အသားငါးတွေရဲ့အရသာကို မြှင့်တင်ပေးတဲ့ ပစ္စည်းဖြစ်တာကြောင့် အသီးအနှံတွေ စားသုံးတဲ့အခါမှာ အချိုမှုန့်ကို လုံး၀သုံးစရာမလိုသလို အသင့်စား စားသောက်ကုန်တွေ အကုန်လုံးမှာလည်း အချိုမှုန့်ပါဝင်ပြီးသား ဖြစ်တဲ့အတွက် အချိုမှုန့်ကို ထပ်ထည့်ဖို့မလိုပါဘူး။
ဒီလောက်ဆိုရင်တော့ Health Tips ကနေမျှဝေဖော်ပြပေးခဲ့တဲ့ အချိုမှုန့် (MSG) နဲ့ပတ်သက်ပြီး သိရှိထားသင့်တဲ့ ဗဟုသုတတွေကို နားလည်သဘောပေါက်ကြမယ်လို့မျှော်လင့်ပါတယ်နော်။ ပရိသတ်ကြီးတို့အနေနဲ့ကရော အချိုမှုန့်စားသုံးခြင်းကို ဘယ်လိုမြင်သလဲ ဆိုတာကို ကွန်မန့်မှာပြောပြပေးသွားကြပါဦး။
နောက်တစ်ပတ်တွေမှာလည်း ဘယ်လိုမျိုးကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာကောင်းများကိုတင်ဆက်ပေးသွားဦးမလဲဆိုတာ စောင့်မျှော်အားပေးပါလို့ပြောရင်း 𝗠𝗜𝗥𝗮𝗱𝗶𝗼 ရဲ့ ချစ်ပရိသတ်တွေ ကျန်းမာပျော်ရွှင်တဲ့နေရက်များစွာကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။