YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health February 6, 2023

ရှားစောင်းလက်ပပ်ကို ဘယ်လိုနေရာတွေမှာအသုံးပြုလို့ရသလဲ။

ရှားစောင်းလက်ပပ်ကို ဘယ်လိုနေရာတွေမှာအသုံးပြုလို့ရသလဲ။

အပူပိုင်းဒေသတွေမှာရှင်သန်ပေါက်ရောက်တဲ့ ရှားစောင်းလက်ပပ်ဟာဆိုရင် အသားအရည်အတွက်သာမက ခန္ဓာကိုယ် ကျန်းမာရေးအတွက်လည်း အလွန်အကျိုးကျေးဇူးများပြားတဲ့ ဆေးဘက်ဝင်အပင်တစ်မျိုးဖြစ်တယ်ဆိုတာကို စာဖတ် ပရိသတ်တွေအနေနဲ့ သိရှိနားလည်ထားမှာပါ။ ရှားစောင်းလက်ပပ်ကိုအသုံးပြုနည်းများစွာရှိတဲ့ထဲက ဒီကနေ့မှာတော့ ရှားစောင်းလက်ပပ်ကို ဘယ်လိုမျိုးအရေပြား ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာအသုံးပြုနိုင်သလဲဆိုတာ နဲ့ ရှားစောင်းလက်ပပ်အပင်နဲ့ပတ်သက်လို့ သိထားသင့်တဲ့အချက်လေးတွေကို ပရိသတ်ကြီးများကိုပြောပြ ပေးသွားမှာဖြစ်ပါတယ်။

ရှားစောင်းလက်ပပ်မှာ ဗီတာမင်ဓာတ်တွေ၊ သတ္တုဓာတ်တွေ၊ အင်ဇိုင်းတွေနဲ့ အမိုင်နိုအက်ဆစ်အပါအဝင် အခြားဓာတ်သတ္တု ၇၅ မျိုးကျော်ပါဝင်တာကြောင့် အရေပြားကျန်းမာရေးနဲ့ အလှအပဆိုင်ရာပြဿနာတွေကို ကုသဖြေရှင်းရာမှာ ရှားစောင်းလက်ပပ် ကို အများဆုံးအသုံးပြုကြလေ့ရှိပါတယ်။ ရှားစောင်းလက်ပပ်ကိုအများစုအသုံးပြုကြလေ့ရှိတဲ့ အရေပြားပြဿနာတွေကတော့ ….

(၁) အသားလောင်ခြင်း။
အသားလောင်မှုအသေးစားဖြစ်လာပြီဆိုရင်တော့ ရှားစောင်းလက်ပပ်ဂျယ်လ်ကို တစ်နေ့ သုံးကြိမ် နေ့စဉ်လိမ်းပေးနိုင်ပြီး ဒဏ်ရာကိုတော့ ပိုးမဝင်စေဖို့အတွက် သန့်ရှင်းတဲ့ပိတ်စအပါး (သို့မဟုတ်) ပတ်တီးနဲ့အုပ်ပေးထားဖို့ လိုပါတယ်။

(၂) နေလောင်ခြင်း။
ရှားစောင်းလက်ပတ်ရဲ့ သိသာတဲ့အာနိသင်တစ်ခုကတော့ နေလောင်ခြင်းကိုလည်း ထိရောက်စွာ ကာကွယ်ကုသပေးနိုင်တာပါပဲ။ ဒါပေမယ့် သုတေတနပညာရှင်တွေကတော့ ဖြစ်မှကုသတာထက် မဖြစ်ခင်မှာကာကွယ်တာက အထိရောက်ဆုံးမို့လို့ နေပူထဲထွက်တဲ့အခါ (သို့မဟုတ်) နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့ရမယ့်အချိန်မျိုးတွေမှာ နေလောင်ဒဏ်ကို ကာကွယ်ပေးနိုင်တဲ့Skin Careလိမ်းပေးခြင်းနဲ့ နေလောင်ကာပစ္စည်းတွေကို ဝတ်ဆင်အသုံးပြုသင့်တယ်လို့ အကြံ ပေးထားကြပါတယ်။

(၃) သေးငယ်သောပွန်းပဲ့ဒဏ်ရာများ
မျက်နှာပေါ်မှာသာမက ကိုယ်ခန္ဓာရဲ့အစိတ်အပိုင်းတွေမှာပါ ပွန်းပဲ့ဒဏ်ရာနဲ့ ထိခိုက်ရှနာတွေရရှိတဲ့အခါမှာလည်း နာကျင်မှုတွေကို အမြန်ဆုံးသက်သာစေဖို့အတွက် ဒဏ်ရာနေရာကို တစ်နေ့လျှင် သုံးကြိမ် လိမ်းပေးနိုင်ပါတယ်။

(၄) အသားအရည်ခြောက်သွေ့ခြင်း
ဒီတစ်ချက်ကတော့ အလှအပဆိုင်ရာစိတ်ဝင်စားသူတို့အဖို့ မှတ်သားစရာပါပဲ။ လူအများစုက ရှားစောင်းလက်ပပ်ကို အဆီပြန်တဲ့ အသားအရည်ပိုင်ရှင်တွေအတွက်သာ သင့်တော်တယ်လို့ထင်မှတ်ထားကြပေမယ့်လည်း တကယ်တော့ ရှားစောင်းဟာ ခြောက်သွေ့တဲ့အသားအရည်ကိုလည်း ကုသပေးနိုင်တဲ့အာနိသင်ရှိပါတယ်။ ရေချိုးပြီးချိန်မှာ ရှားစောင်းလက်ပပ်ကို သင် ပုံမှန်လိမ်းနေကျ အစိုဓာတ်ထိန်းခရင်မ်နေရာမှာ အစားထိုးလိမ်းပေးခြင်းအားဖြင့် သိသာထင်ရှားတဲ့ရလဒ်တစ်ခုကို ရရှိလာနိုင်မှာ ဖြစ်ပါတယ်။

(၅) နှင်းကိုက်နာ
နှင်းကိုက်နာဆိုတာကတော့ ဆောင်းရာသီအချိန်ကာလနဲ့ ချမ်းအေးလွန်းတဲ့နေရာဒေသတွေမှာဖြစ်ပေါ်ခံစားရနိုင်တဲ့ အရေပြားပြဿနာတစ်မျိုးဖြစ်ပါတယ်။ နှင်းကိုက်နာဖြစ်ပြီဆိုရင် အသားအရည်နာကျင်ခြင်းနဲ့ ပျက်စီးခြင်းတွေဖြစ်ပေါ်လာနိုင်ပြီး ဒီလိုဖြစ်လာပြီဆိုရင်တော့ ဆေးကုသမှုခံယူဖို့လိုအပ်ပါတယ်။ ဒါပေမယ့် ဆေးရုံ၊ ဆေးခန်းဆီကို မရောက်ရှိခင်အချိန် အရေးပေါ်အခြေအနေမှာတော့ ရှားစောင်းလက်ပပ်ကို နှင်းကိုက်နာပျောက်ဆေးအဖြစ် အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

(၆) ရေယုန်ဗိုင်းရပ်စ်
ရှားစောင်းလက်ပပ်နဲ့ကုသနိုင်တဲ့ နောက်ထပ်အရေပြားရောဂါတစ်ခုကတော့ ရေယုန်ဗိုင်းရပ်စ်ကြောင့်ဖြစ်ပေါ်တတ်တဲ့ အအေးမိအနာပဲဖြစ်ပါတယ်။ ဒါကြောင့် ရေယုန်ဖြစ်ပြီဆိုရင်တော့ အနာပျောက်ကင်းတဲ့အထိ ရှားစောင်းလက်ပပ်နဲ့ တစ်နေ့ နှစ်ကြိမ်လိမ်းပေးဖို့ လိုအပ်ပါတယ်။

(၇) နှင်းခူ
ရှားစောင်းလက်ပတ်ရဲ့ စိုစွတ်တဲ့အာနိသင်ဟာဆိုရင် နှင်းခူရောဂါနဲ့ဆက်စပ်နေတဲ့ အရေပြားခြောက်သွေ့ယားယံခြင်းကို သက်သာစေနိုင်ပြီး ရောင်ရမ်းနာကျင်မှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။ နှင်းခူကတော့ ခန္ဓာကိုယ်အစိတ်အပိုင်းအနှံ့မှာ ဖြစ်ပေါ်တတ်ပေမယ့် ဦးရေပြားမှာအများဆုံးတွေ့ရလေ့ရှိပြီး ဒီလိုဦးရေပြားပေါ်မှာဖြစ်ပြီဆိုရင်တော့ မျက်နှာနဲ့ နားရွက် အနောက်ဘက် အစိတ်အပိုင်းတွေကို ထိခိုက်စေနိုင်တာကို တွေ့ရပါတယ်။

(၈) Psoriasis
ရှားစောင်းလက်ပပ်ဟာ ဆိုရီရေးစစ် (Psoriasis) လို့ခေါ်တဲ့ အရေပြားရောဂါတစ်မျိုးကြောင့်ဖြစ်ပေါ်လာတဲ့ ယောင်ရမ်းခြင်းနဲ့ ယားယံခြင်းဝေဒနာတွေကိုလည်း တစ်နေ့ နှစ်ကြိမ် အနည်းဆုံးလိမ်းပေးရုံနဲ့ သက်သာစေနိုင်ပါတယ်။

(၉) ဝက်ခြံ
ရှားစောင်းလက်ပပ်ရဲ့ အစွမ်းထက်တဲ့နောက်ထပ်အာနိသင်တစ်ခုကတော့ ဝက်ခြံတွေနဲ့ ဝက်ခြံကြောင့်ဖြစ်ပေါ်လာတဲ့ ရောင်ရမ်းမှုတွေကို သက်သာစေနိုင်တာပါပဲ။ ဒါကြောင့် ဝက်ခြံဖြစ်ပြီဆိုရင် ရှားစောင်းလက်ပပ်ဂျယ်လ်ကို ဂွမ်းစနဲ့တို့ပြီး တစ်နေ့ သုံးကြိမ်လိမ်းပေးနိုင်ပါတယ်။
ရှားစောင်းလက်ပပ်ဟာဆိုရင် မြေကြီးမပါဝင်ဘဲနဲ့ ရှင်သန်နိုင်တဲ့အပင်မျိုးဖြစ်တာကြောင့် သူ့ကို “ထာ၀ရရှင်သန်နိုင်တဲ့အပင်” လို့တောင်မှ တင်စားခေါ်ဝေါ်ထားကြတာဖြစ်ပါတယ်။ ရှားစောင်းလက်ပပ်ကို ရှေးနှစ်ထောင်ပေါင်းများစွာကတည်းက တိုင်းရင်းဆေးပညာမှာ အသုံးပြုလာခဲ့ကြတာဖြစ်ပြီး သူ့မှာ ဗီတာမင်ဓာတ်တွေ၊ သတ္တုဓာတ်တွေ၊ အင်ဇိုင်းတွေနဲ့ အမိုင်နိုအက်ဆစ်အပါအဝင် အခြားဓာတ်သတ္တု ၇၅ မျိုးကျော်ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရှားစောင်းလက်ပပ်မှာ သွေးတွင်းသကြားဓာတ်ပမာဏကို လျှော့ချပေးပြီး ရောင်ရမ်းမှုတို့ကိုလျော့ပါးစေခြင်း၊ ဦးနှောက်မှတ်ဉာဏ်ရည်ကို တိုးတက်ကောင်းမွန်စေခြင်းနဲ့ ဓာတ်တိုးဆန့်ကျင်မှုကို ကာကွယ်လျှော့ချပေးခြင်းတို့လိုမျိုး ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေရရှိနိုင်တဲ့ ဓာတ်တွေလည်းပါဝင်သေးတယ်။ ဒါပေမယ့် သတိထားစရာတစ်ခုက ရှားစောင်းလက်ပပ်ရဲ့ အစေးဟာ အန္တရာယ်ရှိနိုင်တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ အစာခြေလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူတွေနဲ့ တချို့သောဆေးဝါးသုံးစွဲသောက်သုံးနေရတဲ့သူတွေအနေနဲ့ကတော့ သတိပြုရှောင်ရှားသင့်တယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုထားကြပါတယ်။ တကယ်လို့သင့်မှာ ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ ကျောက်ကပ်ရောဂါ တို့လိုမျိုး ရောဂါအခံတွေရှိရင်လည်း ရှားစောင်းလက်ပပ်ဂျယ်(လ်)ကို ရှောင်ရှားသင့်တယ်လို့ ဆိုပါတယ်။

ဒီလောက်ဆိုရင်တော့ ရှားစောင်းလက်ပပ်နဲ့ပတ်သက်ပြီး သိထားသင့်တဲ့ ဗဟုသုတတွေကို ရရှိပြီလို့ယုံကြည်ပါတယ်။ ပရိသတ်ကြီးထဲက ရှားစောင်းလက်ပပ်ကို အသားအရည်အတွက် ဒါမှမဟုတ် သက်စောင့်ဆေးအဖြစ်သုံးနေတဲ့သူတွေရော ပါသလား။ ကိုယ်တိုင်အသုံးပြုနေတဲ့ပုံစံနဲ့ ဘာတွေအတွက်ထိရောက်မှုရှိသလဲဆိုတာကိုလည်း မျှဝေပေးသွားပါဦးနော်။ နောက်တစ်ပတ်တင်ဆက်ပေးမယ့် “Health Tips” အစီအစဉ်မှာ ပြန်လည်ဆုံတွေ့ကြပါမယ်။

Health tips, Life Hack, Secret tips of Aloe Vera
Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.