YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health May 5, 2023

ရေမွှေးက အဆိပ်သင့်တတ်သလား

ရေမွှေးအသုံးပြုခြင်းဟာ

မိမိကိုယ်ကိုယ်ယုံကြည်မှုရှိစေခြင်း၊

ကိုယ်သင်းနံ့နဲ့ စိတ်ခံစားမှုကောင်းမွန်ခြင်း၊

ဆွဲဆောင်မှုရှိခြင်းနဲ့

အိပ်မပျော်မှုကိုကုသပေးနိုင်ခြင်းတို့လိုမျိုး ကောင်းကျိုးတွေရရှိစေနိုင်တာကို ပရိသတ်တို့အများစု နားလည်လက်ခံထားပြီးဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဒါပေမဲ့ ရနံ့အားဖြင့် အလွန်မွှေးပျံ့သော်လည်း အန္တရာယ်ရှိတဲ့ဓာတုပစ္စည်းတွေများပြားစွာပါဝင်နေတဲ့ ရေမွှေးကို‌ မတော်တဆဆိုသလို ပမာဏများများခန္ဓာကိုယ်ထဲဝင်ရောက်ခြင်း သို့မဟုတ် သောက်သုံးမိမယ်ဆိုရင်တော့ ရေမွှေးဟာအဆိပ်သင့်မှုကို ဖြစ်စေနိုင်တယ်လို့ပညာရှင်များကဆိုပါတယ်။

ရေမွှေးထဲမှာပါဝင်တဲ့ဘယ်လိုမျိုးပါဝင်ပစ္စည်းတွေက အဆိပ်သင့်မှုကို ဖြစ်ပေါ်စေနိုင်တာလဲ

ဒီလိုအဆိပ်သင့်မှုဖြစ်တဲ့အခါမှာဆိုရင်ရော ဘယ်လိုမျိုးလက္ခဏာတွေဖြစ်ပေါ်လာနိုင်တယ် ဆိုတာကို ဆက်လက်ဖတ်ကြည့်ကြရအောင်လား။

ရေမွှေးကိုအသုံးပြုဖို့ရွေးချယ်ကြတဲ့အခါမှာ လူအများစုကတော့ မိမိကြိုက်နှစ်သက်တဲ့ရနံ့တွေကိုပဲ ရွေးချယ်ဝယ်ယူ ကြလေ့ရှိပြီး ရေမွှေးထဲမှာပါဝင်တဲ့ ပါဝင်ပစ္စည်းအမျိုးအစားတစ်ခုချင်းဆီကို လေ့လာဝယ်ယူသူတွေကအင်မတန်နည်းပါတယ်။ ရေမွှေးပုလင်းရဲ့ဗူးခွံပေါ်မှာဖြစ်စေ၊ အညွှန်းစာရွက်မှာဖြစ်စေ ပါဝင်ပစ္စည်းအသေးစိတ်ကို ဖော်ပြထားလေ့ရှိပါတယ်။ သို့သော်လည်း ရေမွှေးထုတ်လုပ်ရောင်းချတဲ့သူတွေ အများအားဖြင့် မိမိတို့ ဖန်တီးထုတ်လုပ်ထားတဲ့ ကုန်ပစ္စည်းထဲမှာ ဘယ်လိုမျိုးကုန်ပစ္စည်းတွေက ရာခိုင်နှုန်းဘယ်လောက်အထိပါဝင်တယ်ဆိုတာကိုတော့ လျှို့ဝှက်ထားတတ်လေ့ရှိတာကြောင့် သင့်အနေနဲ့ ဒီရေမွှေးထဲမှာပါဝင်တဲ့ ပါဝင်ပစ္စည်းအမျိုးအစားများနဲ့ ပါဝင်တဲ့ရာခိုင်နှုန်းအတိအကျကို လွယ်လင့်တကူသိရှိနိုင်ရန်ခက်ခဲပါတယ်။ ဒါကြောင့် လက်ရှိစျေးကွက်ထဲမှာရှိနေတဲ့ ရေမွှေးအားလုံးနီးပါးမှာဆိုရင်လည်း ထုတ်ကုန်အညွှန်းထဲမှာမပါဝင်တဲ့ တခြားဓာတုပစ္စည်းတွေ လည်းများပြားစွာပါဝင်နေတယ်လို့ ဆိုပါတယ်။

ရေမွှေးကိုသောက်သုံးတယ်ဆိုတာက အရွယ်ရောက်ပြီးဖြစ်တဲ့လူကြီးတွေမှာတွေ့ရခဲတယ်ဆိုပေမဲ့ ကလေးငယ်တွေမှာတော့ ရံဖန်ရံခါဆိုသလိုဖြစ်ပေါ်တတ်တာကိုတွေ့ရပါတယ်။ ရေမွှေးအဆိပ်သင့်မှုကိုဖြစ်ပေါ်စေနိုင်တဲ့ အဓိကပစ္စည်းတွေကတော့ Ethyl Alcohol (Ethanol) နဲ့ Isopropyl Alcohol ဆိုတဲ့ Alcohol နှစ်မျိုးဖြစ်ပြီး ဒီပစ္စည်းတွေရဲ့ပါဝင်မှုရာခိုင်နှုန်းကမြင့်မားနေမယ်ဆိုပါက အောက်ဖော်ပြပါ ဓာတ်မတည့်မှု လက္ခဏာတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ အဲဒီလက္ခဏာတွေကတော့

– ဗိုက်အောင့်ခြင်း

– စိုးရိမ်ကြောင့်ကြမှုဖြစ်ပေါ်ခြင်း

– သတိလစ်မေ့မျောခြင်း

– ဝမ်းလျှောခြင်း

– ပျို့အန်ခြင်း

– ခေါင်းမူး၊ ခေါင်းကိုက်ခြင်း

– ပုံမှန်အတိုင်းလမ်းလျှောက်ဖို့ခက်ခဲခြင်း

– သွေးတွင်းသကြားဓာတ်လျော့ကျခြင်း

– သွေးပေါင်ကျခြင်း

– ဆီးအလွန်အမင်းသွားခြင်း (သို့မဟုတ်) ဆီးသွားရန်ခက်ခဲခြင်း

– နှလုံးခုန်နှုန်းမြန်ဆန်ခြင်း

– အကြောဆွဲခြင်း

– အသက်ရှူနှုန်းနှေးကွေးသွားခြင်း

– စကားကိုဗလုံးဗထွေးပြောခြင်း

– ဒယိမ်းဒယိုင်ဖြစ်ခြင်း

– လည်ချောင်းနာခြင်းတို့ပဲဖြစ်ပါတယ်။

ဖော်ပြပါလက္ခဏာတွေဟာဆိုရင် ကလေး၊ လူကြီးမရွေး ရေမွှေးအဆိပ်သင့်မှုဖြစ်တဲ့အခါတွေမှာ ဖြစ်ပေါ်လာတတ်တဲ့ လက္ခဏာတွေဖြစ်သလို ကလေးငယ်တွေမှာတော့ သွေးတွင်းသကြားဓာတ်ပမာဏလျော့ကျခြင်းက ပိုမိုအဖြစ်များတာ ကိုတွေ့ရပါတယ်။ သွေးတွင်းသကြားဓာတ်လျော့နည်းပြီဆိုရင်တော့ စိတ်ရှုပ်ထွေးခြင်း၊ ဒေါသကြီးခြင်း၊ မူးဝေအော့အန်ခြင်း၊ အိပ်ငိုက်ခြင်းနဲ့ အားနည်းခြင်းတို့လိုမျိုး လက္ခဏာတွေဖြစ်ပေါ်လာတတ်ပါတယ်။

တကယ်လို့ သင့်အနေနဲ့ ရေမွှေးခန္ဓာကိုယ်ထဲဝင်ရောက်တဲ့ပမဏ သို့မဟုတ် ရေမွှေးကိုသောက်သုံးတဲ့ပမာဏက အနည်းငယ်သာရှိခြင်းနဲ့ ဆေးရုံ၊ ဆေးခန်းဆီကိုလည်း အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် သွားရောက်နိုင်ခြင်းမရှိပါက ရေများများသောက်ခြင်း၊ ပေါ့ပေါ့ပါးပါးရှိတဲ့ အစားအစာတစ်ခုခုစားခြင်းနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ရောဂါလက္ခဏာတွေကို ဂရုတစိုက် စောင့်ကြည့်ခြင်းတို့ကို ပြုလုပ်ပေးနိုင်ပါတယ်။ အဲဒီလိုမှမဟုတ်ဘဲ သောက်သုံးမိတဲ့ ပမာဏက ၃၀ မီလီလီတာနဲ့အထက်ရှိပြီး များပြားတယ်ဆိုပါက ဆေးရုံကို အလျင်အမြန်ပို့ဆောင်ပြီး တက်ကျွမ်းနားလည်သူဆရာဝန်နဲ့ ပြသပေးရမှာဖြစ်ပါတယ်။ ဒီလိုပြသနေတဲ့အချိန်အတောတွင်းမှာလည်း လူနာရဲ့သွေးတွင်းသကြားဓာတ်ပမာဏက အန္တရာယ်ရှိတဲ့အဆင့်ထိ ကျဆင်းသွားနိုင် တာကြောင့် အဲဒီအချိန်မှာ အရည်တစ်မျိုးမျိုးနဲ့ ပေါ့ပါးတဲ့အဆာပြေမုန့်တစ်ခုခုကို ကျွေးမွေးပေးရမှာဖြစ်ပြီး အဲဒီနောက် ၄၈ နာရီကနေ ၇၂ နာရီအတွင်းမှာ ပြင်းထန်တဲ့လက္ခဏာတစ်စုံတစ်ရာပြသခြင်းမရှိဘူးဆိုရင်တော့ ဒါဟာ အသက်အန္တရာယ်ဖြစ်နိုင်တဲ့ အဆင့်ကိုကျော်လွန်သွားပြီလို့ဆိုနိုင်ပါတယ်။

ရေမွှေးခန္ဓာကိုယ်ထဲဝင်ရောက်တဲ့ပမာဏများပြားခြင်းနဲ့ မတော်တဆသောက်သုံးမိခြင်းကြောင့် ဖြစ်ပေါ်လာတဲ့

ရေမွှေးအဆိပ်သင့်ခြင်းလက္ခဏာတွေကို သိရှိပြီး ပြန်လည်ကုစားရမဲ့အကြောင်းတွေကိုလည်း ပရိသတ်ကြီးတို့ သိရှိနားလည်းထားပြီး အခြားမိတ်ဆွေများကိုလည်း ဗဟုသုတမျှဝေပေးကြပါဦးနော်။ ဖတ်ရှုအားပေးကြတဲ့ ပရိသတ်တစ်ယောက်ချင်းဆီကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.