YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health April 18, 2023

ကလေးငယ်တွေရဲ့ သွားနဲ့ခံတွင်းကို ဘယ်လိုဂရုစိုက်ကြမလဲ။

သွားနဲ့ ခံတွင်းကျန်းမာရေးဟာ အသက်ဆုံးရှုံးနိုင်လောက်တဲ့အထိ အန္တရာယ်မများပြားဘူးဆိုပေမယ့်လည်း ပြဿနာတစ်စုံတစ်ရာဖြစ်ပေါ်လာပြီဆိုရင်တော့ ဝေဒနာအလွန်ခံရသလို ငွေကုန်ကြေးကျလည်း များပြားတယ်ဆိုတာကို သွားပြဿနာ (သို့မဟုတ်) ခံတွင်းပြဿနာတွေခံစားရဖူးသူတိုင်း နားလည်သိရှိကြမှာပါ။ ဒီလိုပြဿနာတွေ မကြုံတွေ့ရဖို့အတွက်ကတော့ ငယ်စဉ်အရွယ်ကတည်းက သွားနဲ့ ခံတွင်းနဲ့ပတ်သက်လို့ အလေ့အကျင့်တွေကို ပြုလုပ်ထားသင့်ပါတယ်။ ဒါကြောင့် မေမေတို့အနေနဲ့ ကလေးငယ်တွေရဲ့ သွားနဲ့ခံတွင်းနဲ့ပတ်သက်ပြီး ဘယ်လိုမျိုးအကြောင်းအရာတွေကိုသိရှိထားသင့်သလဲ၊ ဘယ်လိုနည်းလမ်းတွေနဲ့ ကလေးတွေရဲ့ သွားနဲ့ခံတွင်းကို ဂရုစိုက်ပေးသင့်လဲဆိုတာကို ဒီတစ်ပတ်အတွက် Health Tips အစီအစဉ်ကနေဖော်ပြပေးလိုက်ပါတယ်။

(၁) မွေးကင်းစအရွယ်ကတည်းက ကလေးငယ်တွေရဲ့ သွားဖုံးတွေကို ဂရုစိုက်ပေးပါ။
သွားနဲ့ခံတွင်းကျန်းမာဖို့အတွက်ဆိုတာက ငယ်စဉ်အရွယ်ကတည်းက ဂရုတစိုက်ရှိဖို့လိုအပ်တဲ့အရာဖြစ်ပါတယ်။ သွားမပေါက်သေးတဲ့အရွယ် မွေးကင်းစကလေးငယ်တွေရဲ့ သွားဖုံးတွေမှာဆိုရင် ဘက်တီးရီးယားပိုးမွှားလေးတွေ ကပ်တွယ်နေနိုင်တာကြောင့် မေမေတို့အနေနဲ့ ကလေးငယ်တွေရဲ့သွားဖုံးတွေ အဲဒီအချိန်ကတည်းက သေချာဂရုစိုက်‌ပြီး သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။
သန့်ရှင်းရေးလုပ်တဲ့အခါမှာတော့ အဝတ်စနုနုလေးတွေ (သို့မဟုတ်) ဂွမ်းစ၊ ပတ်တီးစတွေကိုရေဆွတ်ပြီး ကလေးငယ်ရဲ့ သွားဖုံးတွေကို တစ်နေ့ နှစ်ကြိမ် (အထူးသဖြင့် နို့တိုက်ပြီးအချိန်တွေနဲ့ ညမအိပ်ခင်အချိန်တွေမှာ) အသာအယာပွတ်တိုက်ကာ သန့်ရှင်းပေးရမှာဖြစ်ပါတယ်။

(၂) သွားတိုက်ခြင်းအလေ့အကျင့်ကို ပထမဦးဆုံးသွားပေါက်တဲ့အချိန်မှာကတည်းက ပြုလုပ်ပေးပါ။
ကလေးတွေရဲ့သွားနဲ့ခံတွင်းကျန်းမာရေးနဲ့ပတ်သက်လို့ မေမေတို့ သတိထားပြီးပြုလုပ်ရမယ့်နောက်တစ်ချက်ကတော့ ကလေးငယ်တွေရဲ့သွားလေးတွေ စတင်ပေါက်တဲ့အချိန်ကတည်းက သွားတိုက်ပေးတဲ့အလေ့အကျင့်ကို ပြုလုပ်ပေးရမှာပဲ ဖြစ်ပါတယ်။ ဒီလိုသွားတိုက်တဲ့အခါမှာဆိုရင် ကလေးငယ်တွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့သွားတိုက်တံနဲ့ သွားတိုက်ဆေးကို အသုံးပြုရမှာဖြစ်ကာ သွားတိုက်ဆေးကိုတော့ ဖလိုရိုက်ပါဝင်တာကိုလည်း ရွေးချယ်နိုင်သလို ဖလိုရိုက်မပါဝင်တာကိုလည်း ရွေးချယ်နိုင်ပါတယ်။သွားတိုက်ဆေးပမာဏကိုတော့ လူကြီးတွေတိုက်သလိုမျိုး ထည့်စရာမလိုဘဲ ဆန်တစ်စေ့မျှပမာဏသာ ထည့်ပေးရုံနဲ့ လုံလောက်တယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ တချို့သော သွားကျန်းမာရေးပညာရှင်တွေက အသက် ၂ နှစ်နဲ့အထက် အရွယ်ကလေးတွေမှာသာ သွားတိုက်ဆေးကို ထည့်သွင်းသုံးပေးသင့်ပြီး အသက် ၂ နှစ်အောက်ကလေးတွေကိုတော့ ရိုးရိုးရေနဲ့သာ သန့်ရှင်းရေးပြုလုပ်ပေးသင့်တယ်လို့ အကြံပေးထားကြပါတယ်။

(၃) နည်းမှန်၊ လမ်းမှန်နဲ့ သွားတိုက်ပေးပါ။
သွားတိုက်မှုအလေ့အကျင့်ကို ကလေးတွေငယ်ရွယ်စဉ်အချိန်ကတည်းက ပြုလုပ်ပေးတဲ့အခါမှာ နည်းမှန်၊ လမ်းမှန်ရှိဖို့ကလည်း အရေးကြီးပါတယ်။ ပထမဆုံးအနေနဲ့ ကလေးငယ်ရဲ့သွားတွေကို ရှင်းရှင်းလင်းလင်းနဲ့သေချာမြင်နိုင်ဖို့အတွက် ကလေးရဲ့ဦးခေါင်းကို အလင်းရောင်ကောင်းစွာရရှိတဲ့နေရာမှာ သေချာနေရာချပြီးထားပေးပါ။ ဒီလိုနေရာချပြီးပြီဆိုရင်တော့ ပထမဆုံးဖော်ပြခဲ့တဲ့ အချက်အတိုင်း နူးညံ့တဲ့အဝတ်စ (သို့မဟုတ်) ပတ်တီးစကိုအသုံးပြုပြီး သွားနဲ့သွားဖုံးကြားက အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်ပေးရမှာဖြစ်ပါတယ်။
ကလေးတွေအနေနဲ့ သွားတိုက်တံကို သူ့တို့ကိုယ်တိုင် ကိုင်ပြီးမတိုက်နိုင်သေးတဲ့အချိန်မှာလည်း မိခင်တွေက စနစ်တကျနဲ့ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ သွားတိုက်တဲ့အခါမှာတော့ ကလေးသွားတိုက်တံနဲ့ ကလေးရဲ့သွားနဲ့ သွားဖုံးကို တစ်မိနစ်မျှ အချိန်ယူကာတိုက်ပေးရမှာဖြစ်ပြီး ကလေးအသက်က တစ်နှစ်နဲ့အထက်ဆိုရင်တော့ နှစ်မိနစ်ခန့် အသာအယာ တိုက်ပေးသင့်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နို့ဖတ်နဲ့ တခြားအစာအကြွင်းအကျန်တွေကပ်ကျန်နေပြီး ဘက်တီးရီးယားတွေ ခိုအောင်းနေနိုင်တဲ့လျှာလေးကိုလည်း မမေ့မလျော့နဲ့ ညင်သာစွာသန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။

(၄) ရေသောက်ခိုင်းပါ။

ကလေးငယ်တွေရဲ့သွားလေးတွေက နုနယ်လွန်းတာကြောင့် တစ်နေ့မှာ နှစ်ကြိမ်နဲ့အထက်တော့ သွားမတိုက်ပေးသင့်ပါဘူး။ ဒါပေမယ့်လည်း ကလေးတွေဟာ နေ့ခင်းနေ့လည်အိပ်စက်တဲ့အခါမှာ နို့ဘူးတွေ၊ အအေးပုလင်းတွေနဲ့ သကြားလုံးတွေကိုငုံပြီး အိပ်လေ့ရှိကြသလို အချိုလည်းစားလွန်းကြတာကြောင့် သူတို့ရဲ့သွားလေးတွေက ပျက်စီးနိုင်ဖို့အခြေအနေများနေပါတယ်။ ဒီအခါမှာတော့ ရေသောက်ခြင်းနဲ့ သွားတွေကြားမှာကပ်ကျန်နေနိုင်တဲ့ အချိုဓာတ်တွေ၊ စားကြွင်းစားကျန်တွေကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့်လည်း သွားဆရာဝန်တွေက ကလေးတွေကို အိပ်ခါနီးအချိန်မှာ အချိုစားသုံးမှုလျှော့ချပြီး ရေကိုပဲသောက်သုံးပေးဖို့ မိဘတွေအနေနဲ့တိုက်တွန်းပေးသင့်တယ်လို့ အကြံပြုထားကြတာကိုတွေ့ရပါတယ်။

(၅) ကလေးတွေရဲ့သွားအခြေအနေကို သတိထားစောင့်ကြည့်သင့်ပြီး သွားဆရာဝန်နဲ့ ပုံမှန်ပြသပေးပါ။
ကလေးတွေဆိုတာမျိုးက သူတို့မှာဖြစ်ပေါ်နေတဲ့ဝေဒနာကို လူကြီးတွေလိုမျိုး ကောင်းမွန်စွာပြောပြနိုင်ခြင်းမရှိတာကြောင့် သူတို့ရဲ့ သွားမှာတစ်စုံတစ်ရာပြဿနာဖြစ်ပေါ်နေပါကလည်း ပြောပြတတ်မှာမဟုတ်ဘူး။ ဒါကြောင့် မိခင်တွေ (သို့မဟုတ်) လူကြီးတွေအနေနဲ့ ကလေးတွေရဲ့သွားမှာ သွားပိုးစားတာ၊ သွားမှာအပေါက်ဖြစ်တာ၊ သွားဖုံးမှာသွေးယိုစိမ့်ထွက်တာတွေကို သတိထားစောင့်ကြည့်သင့်ပါတယ်။ သွားကျန်းမာရေးနဲ့ပတ်သက်တဲ့ လေ့လာတွေ့ရှိချက်တွေမှာတော့ ကလေးတွေရဲ့ သွားနဲ့ ခံတွင်းကျန်းမာရေးကောင်းမွန်စေဖို့အတွက် နေ့စဉ်သွားတိုက်တဲ့အလေ့အကျင့်ကိုပြုလုပ်ပေးသင့်အပြင် သွားဆရာဝန်နဲ့လည်း ပုံမှန်သွားရောက်ပြသသင့်တယ်လို့ ဆိုထားကြပါတယ်။

(၆) ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကိုရွေးချယ် စားသုံးခိုင်းပါ။
ကလေးတွေမှာ သွားနဲ့ပတ်သက်တဲ့ပြဿနာတွေဖြစ်ပေါ်ရတဲ့ အဓိကအကြောင်းအရင်းကတော့ အချိုတွေကို လွန်လွန်ကဲကဲ စားသုံးမှုကြောင့်ပါပဲ။ ဒါကြောင့် မေမေတို့အနေနဲ့ ရင်သွေးငယ်တွေကို ငယ်စဉ်အရွယ်ကတည်းက အစားအစာတွေကို ကျွေးတဲ့အခါမှာ အချိုများတဲ့အရာတွေကိုလျှော့ချပြီး ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေရရှိစေနိုင်တဲ့ အသီးအနှံတွေနဲ့ သဘာ၀အစားအစာတွေကို ပိုပြီးဂရုတစိုက်ကျွေးပေးသင့်ပါတယ်။

ဒီလောက်ဆိုရင်တော့ ကလေးငယ်တွေရဲ့ သွားနဲ့ ခံတွင်းကျန်းမာရေးနဲ့ပတ်သက်ပြီး အတိုင်းအတာတစ်ခုအထိ သိရှိသွားကြမယ်လို့ ထင်ပါတယ်။ နောက်တစ်ပတ်တင်ဆက်ပေးမယ့် Health Tips အစီအစဉ်မှာရော ဘယ်လိုမျိုး ကျန်းမာရေးဗဟုသုတအကြောင်းအရာတွေကို မျှ‌ဝေပေးသွားမလဲဆိုတာ စောင့်မျှော်ဖတ်ရှုအားပေးကြပါဦးနော်။ အခုလိုဖတ်ရှုအားပေးခဲ့ကြတဲ့ ပရိသတ်တစ်ယောက်ချင်းဆီကိုလည်း MI Radio မှကျေးဇူးအထူးတင်ရှိပါတယ်။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.