YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health March 20, 2023

အိုမီခရွန်မျိုးကွဲ BA.4 နဲ့ BA.5 နောက်ဆုံးရအချက်အလက်များ

ကမ္ဘ့ာကပ်ရောဂါဖြစ်တဲ့ ကိုဗစ်နဲ့ လူသားတို့ ရင်ဆိုင်တိုက်ပွဲဝင်လာခဲ့ရတာ အခုဆိုရင် (၂) နှစ်ကျော် (၃) နှစ်နီးပါး ရှိလို့နေပါပြီ။ ဒီနှစ်ကာလ အတွင်းမှာလည်း မျိုးကွဲပုံစံမျိုးစုံနဲ့ လူသားတို့ရဲ့အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိနေတဲ့ ကိုဗစ်ရောဂါဟာ အခုလပိုင်းအတွင်း မှာတော့ နောက်ထပ်ပုံစံအသစ်တစ်မျိုးနဲ့ ကူးစက်ပျံ့နှံ့လျက်ရှိနေပါတယ်။ လတ်တလောရက်ပိုင်းအတွင်းမှာဆိုရင်လည်း ကမ္ဘာပေါ်မှာသာမက မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှုနှုန်းတွေ ပြန်လည် မြင့်တက်လာလျက်ရှိနေတာကို တွေ့ရှိလာရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်အတွက် Health Tips အစီအစဉ်မှာတော့ လက်ရှိကူးစက်ပျံ့နှံ့လျက်ရှိနေတဲ့ ကိုဗစ်မျိုးကွဲတွေထဲက အိုမီခရွန် BA.4 နဲ့ BA.5 နောက်ဆုံးရအချက်အလက်များကို လက်လှမ်းမီသမျှ မျှဝေတင်ဆက်ပေးလိုက်ပါတယ်။

BA.4 နဲ့ BA.5 တို့ကိုတော့ ၂၀၂၂ ခုနှစ် အစောပိုင်းကတည်းက တောင်အာဖရိကမှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး သူတို့ဟာဆိုရင် အိုမီခရွန် BA.2 ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ ဗိုင်းရပ်စ်တွေဟာ မျိုးကွဲဗီဇတွေ ပြောင်းလဲလာတာ နဲ့အမျှ ရောဂါလက္ခဏာနဲ့ ကူးစက်ပျံ့နှံ့မှုပုံစံတွေကလည်း ပြောင်းလဲလာပါတယ်။ ယခုပျံ့နှံ့နေတဲ့ BA.4 နဲ့ BA.5 တို့ဟာ ဆိုရင် ကူးစက်နှုန်း အလွန်မြန်ဆန်ကြောင်း WHO မှ ထုတ်ပြန်ကြေညာပေးထားပြီး ယင်းထုတ်ပြန်ချက်အရတော့ လက်ရှိမှာ BA.5 ကူးစက်ခံရမှုက ကမ္ဘာ့လူဦးရေတစ်ဝက်ကျော်ရှိနေတယ်လို့ သိရပါတယ်။

BA.4 ထက်စာရင် BA.5 က ပိုမိုကူးစက်လွယ်ပြီး ကိုယ်တွင်းခုခံအားစနစ်ကိုလည်း အလွယ်တကူကျော်လွှားနိုင်တာကြောင့် ယခင်တုန်းက အိုမီခရွန်ဖြစ်ဖူးတဲ့သူတွေလည်း ပြန်လည်ဖြစ်ပွားနိုင်ပါတယ်။ ဒီလိုဆိုရင် ကူးစက်နှုန်းမြန်ဆန်တဲ့ BA.5 က ဆေးရုံးတက်ရောက်ကုသရလောက်တဲ့အထိ ပြင်းထန်လား။ (သို့မဟုတ်) အသက်အန္တရာယ်ရှိနိုင်သလား။

ဒါနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ချက်တွေမှာတော့ မေလ နောက်ဆုံးအပတ်တုန်းက ကိုဗစ်ကူးစက်ခံရမှုကြောင့် ကမ္ဘာတစ်ဝန်းမှာ ဆေးရုံတက်ရောက်ရသူ အရေအတွက်ဟာ တစ်ရက်ကို ၅၅၀ ဦးရေမျှသာရှိခဲ့ပေမယ့် ဇူလိုင်လ ဒုတိယအပတ်မှာတော့ လူဦးရေ ၂၂၀၀ ကျော် ရှိလာခဲ့တယ်လို့ ကြေညာခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဇူလိုင်လကုန်ခါနီးမှာတော့ ဆေးရုံတက်ရောက်ရတဲ့ လူနာအရေအတွက်ဟာ ၁၇၀၀ အထိ လျော့ကျသွားခဲ့ပါတယ်။

ကိုဗစ်ကူးစက်ခံရမှုကြောင့် သေဆုံးသူဦးရေကတော့၂၀၂၂ခုနှစ် ဇွန်လ အစမှာ ၃၀ ဝန်းကျင်သာရှိခဲ့ပေမယ့် ဇူလိုင်လ အလယ်မှာတော့ ၁၃၄ ဦးအထိရှိခဲ့ပါတယ်။ အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာမှ ထုတ်ပြန်ချက်များ အရ BA.5 ကူးစက်ခံရမှုကြောင့် ရောဂါဖြစ်ပွားနှုန်းနဲ့ ဆေးရုံတက်ရောက်ကုသမှုနှုန်းတို့က မြင့်တက်လာတာဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ရောဂါဖြစ်ပွားမှုရဲ့ ၇၈ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံမှာဆိုရင်လည်း လက်ရှိမှာ ကိုဗစ်မျိုးကွဲ အိုမီခရွန် ကူးစက်နှုန်းတွေ မြင့်တက်လာနေတာကြောင့် မြို့ကြီးအချို့ကို Lockdown ကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်မှာတော့ BA.4 နဲ့ BA.5 ကြောင့် လူသေဆုံးမှုနှုန်းက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်တုန်းကဖြစ်ပွားခဲ့တဲ့ Delta ကြောင့် သေဆုံးခဲ့တဲ့နှုန်းတွေထက်စာရင် အလွန်နည်းပါးနေတာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း ကိုဗစ် ဗီဇမျိုးကွဲ အိုမီခရွန်ဟာ ကူးစက်နှုန်းအလွန်လျင်မြန်တာကြောင့် စနစ်တကျနဲ့ ကာကွယ်မှုတွေမရှိပါက မထိန်းချုပ်နိုင်တော့ဘဲ စီးပွားရေး၊ လူမှုရေး စသဖြင့် အခက်အခဲတွေရှိလာနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုထားကြပါတယ်။

အိုမီခရွန် BA.4 နဲ့ BA.5 ရဲ့ ရောဂါလက္ခဏာတွေကတော့ 👇
– ကိုယ်ပူခြင်း။
– ကိုယ်လက်ကိုက်ခဲခြင်း။
– လည်ပင်းအလွန်နာကျင်ခြင်း။
– အလွန်အမင်း နုံးချိခြင်း။
– အလွန်အမင်း အိပ်ချင်ခြင်း။
– အစားအသောက်ပျက်ခြင်း။
– ဝမ်းသွားခြင်း။
– အနံ့ပျောက်ခြင်းတို့ပဲ ဖြစ်ပါတယ်။

ဗိုင်းရပ်စ်ရောဂါပိုးဟာ အသွင်ပြောင်းလာတာနဲ့အမျှ အရင်တုန်းကထိုးထားတဲ့ ကာကွယ်ဆေးတွေကရော လက်ရှိ ကူးစက်နေတဲ့ပိုးအပေါ်မှာ သက်ရောက်မှုရှိနိုင်သလားဆိုတဲ့ မေးခွန်းကိုလည်း သိချင်ကြမယ်ထင်ပါတယ်။ US Food and Drug Administration ကတော့ ကမ္ဘာတစ်ဝန်းမှလူတွေအတော်များများ ထိုးနှံထားကြတဲ့ ကိုဗစ်ကာကွယ်ဆေးတွေဟာ တရုတ်နိုင်ငံ၊ ၀ူဟန်မြို့မှာတွေ့ရှိခဲ့တဲ့ မူလဗိုင်းရပ်စ်ပိုးကို အခြေခံပြီးထုတ်လုပ်ထားတဲ့ဆေးတွေဖြစ်တာကြောင့် လက်ရှိ ဖြစ်ပေါ်နေတဲ့ အိုမီခရွန်မျိုးကွဲတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်စပြုနေပြီလို့ သတိပေးထုတ်ပြန်ထားပါတယ်။ ဒါကြောင့်လည်း FDA ဘက်က အိုမီခရွန်အတွက် ကာကွယ်ဆေးအသစ်ကို ၂၀၂၂ ခုနှစ် ဆောင်းဦးရာသီကာလမှာ ထုတ်လုပ်ဖြန့်ချိဖို့အတွက် ထောက်ခံမဲပေးခဲ့တယ်လို့ ဇွန်လအကုန်ပိုင်းတုန်းကပြုလုပ်ခဲ့တဲ့ အစည်းအဝေးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ဆေးပညာရှင်အချို့ကလည်း Booster မထိုးရသေးသူတွေအနေနဲ့လည်း ထိုးနှံကြဖို့လိုအပ်ကြောင်း၊ လက်ရှိထိုးနှံ ထားကြတဲ့ ကာကွယ်ဆေးတွေရဲ့ အာနိသင်သက်တမ်းဟာဆိုရင် ၄ လကနေ ၅လအထိပဲ အလွန်ဆုံးရှိတာကြောင့် ယင်းကာလကုန်လွန်တဲ့ အချိန်မှာ ထပ်မံထိုးနှံကြဖို့အတွက် အကြံပြုပြောထားကြတာကို‌ တွေ့ရပါတယ်။

ရောဂါပိုးတွေရဲ့ သဘောသဘာ၀အတိုင်း ကိုရိုနာဗိုင်းရပ်စ်ဟာလည်း မျိုးရိုးဗီဇတွေပြောင်းလဲပြီး ဆက်လက်ဖြစ်ပေါ်နေဦးမှာ ဖြစ်တာကြောင့် ကိုဗစ်ရောဂါဟာ ကမ္ဘာကြီးပေါ်ကနေ အချိန်တိုအတွင်း ပျောက်ကွယ်သွားဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။ ဒါကြောင့် လူတွေအနေနဲ့ ကိုဗစ်ရောဂါကိုကာကွယ်ဖို့အတွက် အပြင်သွားတဲ့အခါတိုင်း Mask တပ်ဖို့၊ အရာ၀တ္ထုတွေ ကိုင်တွယ်ပြီးချိန်မှာလည်း လက်ဆေးတတ်ဖို့နဲ့ အပြင်ကပြန်ရောက်တဲ့အခါမှာ တစ်ကိုယ်ရေသန့်ရှင်းရေးပြုလုပ်ဖို့ဆိုတာက မဖြစ်မနေလုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေပဲဖြစ်ပါတယ်။

MI Radio ပရိသတ်တို့အားလုံး သတိနဲ့ယှဉ်ပြီး မိမိအတွက်သာမက မိသားစုရဲ့ ကျန်းမာရေးကိုပါကာကွယ်နိုင်ကြပါစေနော်။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.