YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health March 20, 2023

အဆိပ်အတောက်ကင်းစင်ပြီး ကျန်းမာတဲ့အသည်းကိုပိုင်ဆိုင်နိုင်မယ့်နည်းလမ်းများ

လူ့ခန္ဓာကိုယ်ရဲ့ဒုတိယမြောက်အရေးကြီးဆုံးအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အသည်းဟာဆိုရင် ဝမ်းဗိုက်ရဲ့ညာဘက်အပေါ်မှာတည်ရှိပြီး ကိုယ်ခန္ဓာကိုယ်အတွက်မလိုအပ်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးခြင်း၊ အစာခြေနိုင်ဖို့ သည်းခြေရည်ထုတ်ပေးခြင်းတို့ကို လုပ်ဆောင်ပေးရတဲ့ကိုယ်တွင်းကလီစာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ရတဲ့အခါမှာ သည်းခြေအိတ်၊ အစာအိမ်၊ ပန်ကရိယ၊ အူသိမ်၊ အူမကြီးအစရှိတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေနဲ့ ပူးပေါင်းရတာကြောင့် သင့်ရဲ့ အသည်းဟာ အဆိပ်အတောက်ကင်းစင်နေပြီး ကျန်းမာနေဖို့လိုအပ်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်ရဲ့ Health Tips မှာတော့ အသည်းမှာရှိတဲ့အဆိပ်အတောက်တွေကို အချိန်တို အတွင်း အမြန်ဆုံးကင်းစင်စေနိုင်မယ့်နည်းလမ်းတွေကိုတင်ဆက်ပေးလိုက်ပါတယ်။

အသည်းဟာ ၂၄ နာရီလုံးလုံးမရပ်မနားအလုပ်လုပ်ရတဲ့ ကိုယ်တွင်းကလီစာဖြစ်တာကြောင့် သင့်ရဲ့ စားသောက်နေထိုင်မှုပုံစံအပေါ်မှာ အခြေခံပြီး အသည်းရဲ့ကျန်းမာရေးကလည်း ပြောင်းလဲတတ်ပါတယ်။ အသင့်စား စားသောက်ကုန်တွေနဲ့ ဆီကြော်စာတွေကို အလွန်အကျူးစားသုံးခြင်း၊ အရက်အလွန်အကျွံသောက်သုံးခြင်းတို့ဟာဆိုရင် အသည်းကိုပိုမိုအလုပ်လုပ်စေတာကြောင့် အချိန်တစ်ခုကြာမြင့်လာတဲ့အခါ အသည်းမှာအဆိပ်အတောက်တွေဖြစ်ပေါ်လာစေပြီး အသည်းရဲ့စွမ်းဆောင်ရည်ကလည်း ထိခိုက်ပျက်စီးလာပါတယ်။ ကျန်းမာတဲ့အသည်းကိုပိုင်ဆိုင်ဖို့ဆိုရာမှာ အဆိပ်အတောက်တွေကင်းစင်စေဖို့က အဓိကကျတာကြောင့် ဒီအဆိပ်အတောက်တွေကို အောက်ပါနည်းလမ်းတွေနဲ့ ချေဖျက်ပေးနိုင်ပါတယ်။
နနွင်း

နနွင်းဟာဆိုရင် အသည်းမှာရှိတဲ့အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ ဂုဏ်သတ္တိတွေရှိတာကြောင့် ရေနွေးနွေးတစ်ခွက်ထဲမှာ နနွင်းလက်ဖက်ရည်ဇွန်းတစ်၀က်ကို ငရုတ်ကောင်းမှုန့်တစ်ဇွန်းနဲ့ ရောစပ်ပြီးသောက်သုံးပေးနိုင်ပါတယ်။

သကြား

သကြားကတော့ အဆိပ်အတောက်တွေကိုဖယ်ရှားဖို့အတွက်လုပ်ငန်းစဉ်မှာ လိုအပ်တဲ့အင်ဇိုင်းထုတ်လုပ်နိုင်စွမ်းကို ဟန့်တားပြီး သွေးတွင်းဂလူးကို့စ်မြင့်တက်ခြင်းနဲ့ အင်ဆူလင်ထုတ်လွှတ်မှုတွေများစွာဖြစ်စေတာကြောင့် တန်ဆေး လွန်ဘေးဆိုတဲ့စကားအတိုင်း သကြားကို တစ်နေ့မှာ ၂၀ ကနေ ၃၀ ဂရမ်အထိ (သို့မဟုတ်) ဒီထက်လျော့နည်းတဲ့ပမာဏသာ စားသုံးသင့်ပါတယ်။

ကြာရှည်ခံအောင် ပြုပြင်ဖန်တီးထားသော အစားအသောက်များ

ကြာရှည်အထားခံအောင် ဓာတုပစ္စည်းတွေနဲ့ပြုပြင်ဖန်တီးထားတဲ့ အစားအသောက်တွေဟာဆိုရင်လည်း အသည်းကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဒီလိုအစားအသောက်တွေကို အတတ်နိုင်ဆုံးလျှော့ချပြီး စားသုံးနိုင်လေလေ၊ အသည်းမှာရှိတဲ့ အဆိပ်အတောက်တွေ ကင်းစေလေလေပဲဖြစ်ပါတယ်။

အယ်လ်ကိုဟောလ်

အသည်းကို ဆိုးရွားစွာထိခိုက်ပျက်စီးစေတဲ့အရာတွေထဲမှာ အယ်လ်ကိုဟောလ် (အရက်သေစာ)ကတော့ ထိပ်ဆုံးကနေ ပါဝင်နေပါတယ်။ ဒါကြောင့် သင့်ရဲ့အသည်းကို အဆိပ်အတောက်ကင်းစင်ပြီး ကျန်းမာနေစေဖို့အတွက် အရက်သေစာ သောက်သုံးမှုကို အတတ်နိုင်ဆုံးလျှော့ချသင့်ပြီး ဖြစ်နိုင်မယ်ဆိုရင်တော့ မသောက်သုံးတာ အကောင်းဆုံးပါပဲ။

ကော်ဖီ

ကော်ဖီသောက်သုံးခြင်းက ရင်တုန်စေတယ်၊ နှလုံးခုန်နှုန်းကိုမြန်စေတယ်ဆိုပေမယ့်လည်း အသည်းကျန်းမာရေးအတွက်တော့ အနည်းနဲ့အများဆိုသလို အထောက်အကူပြုပါတယ်။ လေ့လာမှုတွေအရဆိုရင် ကော်ဖီကို သင့်တင့်မျှတစွာသောက်သုံးခြင်းဟာ အသည်းအဆီဖုံးခြင်းကို ကာကွယ်ပေးပြီး အသည်းရောဂါဖြစ်နိုင်ချေကိုလည်း လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် တစ်ခုသတိထားရမှာက ကော်ဖီကို တစ်နေ့လျှင် ၂ ခွက်မျှသာ သောက်သုံးရမှာဖြစ်ပြီး သောက်တဲ့အခါမှာတော့ သကြားနဲ့ နို့ဆီ (သို့မဟုတ်) နွားနို့တို့ကိုတော့ ရောနှောပြီးမသောက်သုံးသင့်ပါဘူး။

ဇီးဖြူသီး

ဇီးဖြူသီးကိုတော့ အသည်းရဲ့လုပ်ဆောင်ချက်တွေကို ပံ့ပိုးပေးပြီး ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်တွေကို ဖယ်ရှားတဲ့နေရာမှာ အကူအညီဖြစ်ဖို့အတွက် ဟိန္ဒူရိုးရာဆေးပညာရပ်မှာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလေ့ရှိကြပါတယ်။ တကယ်လို့ ဇီးဖြူသီးခြောက်ကို မနက်ခင်းမှာ ရေနွေးနွေးတစ်ခွက်နဲ့ရောစပ်ပြီးသောက်သုံးပေးမယ်ဆိုရင် အကျိုးရလဒ်ပိုမိုကောင်းမွန်တယ်လို့ ဆိုပါတယ်။

အခုဖော်ပြပေးခဲ့တဲ့နည်းလမ်းတွေကို အဆင်ပြေသလိုအသုံးချကြည့်မယ်ဆိုရင်တော့ သင့်အသည်းကျန်းမာရေးအတွက် ရာခိုင်နှုန်းတစ်ခုအထိ အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်နော်။ နောက်တစ်ပတ်တင်ဆက်ပေးမယ့် Health Tips အစီအစဉ်မှာရော ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ ဗဟုသုတတွေနဲ့အတူ ပြန်လာခဲ့ပါမယ်နော်။ 👋

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.