YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health March 20, 2023

သဘာဝအတိုင်းနုပျိူလှပဖို့ နေထိုင်စားသောက်မှုပုံစံ

လူရယ်လို့ဖြစ်လာပြီဆိုရင် အချိန်ကျလာတဲ့အခါမှာ အိုရမယ်၊ နာရမယ်ဆိုပေမယ့်လည်း အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာကတော့ လူတိုင်းမဖြစ်ချင်တဲ့အရာတစ်ခုဖြစ်ပါတယ်။ များသောအားဖြင့် လူတွေရဲ့ အိုမင်းရင့်ရော်မှုကို သူ့ရဲ့မျက်နှာအသားအရည်ကိုကြည့်ပြီး ဆုံးဖြတ်ကြတယ်ဆိုပေမယ့်လည်း ဂျာမန်သုတေသန ပညာရှင်တွေရဲ့ လေ့လာမှုတစ်ခုမှာတော့ အမျိုသမီးတစ်ဦးရဲ့ရင်ဘတ်၊ လက်နဲ့ လက်မောင်းတွေမှာရှိတဲ့ အသားအရည်ပုံစံတွေကနေတစ်ဆင့် သူမရဲ့အသက်အရွယ်ရင့်ရော်မှုကို သိရှိနိုင်တယ်လို့ဆိုပါတယ်။ ဒါကြောင့် အရွယ်မတိုင်ခင်မှာ အိုမင်းရင့်ရော်မှုကိုလျှော့ချပြီး သဘာဝအတိုင်းနုပျိုလှပတဲ့အသွင်မျိုးရရှိစေဖို့အတွက် ဘယ်လိုပုံစံမျိုးနေထိုင်စားသောက်သင့်တယ်ဆိုတာကို အခုတစ်ပတ်ရဲ့ Health Tips အစီအစဉ်ကနေ တင်ဆက်ပေးလိုက်ပါတယ်။

ရှိရင်းစွဲအသက်ထက်ပိုပြီးရုပ်ရင့်တာ (သို့မဟုတ်) ပိုပြီးနုပျိုနေတာတွေကို လူတွေအများစုက မျိုးရိုးဗီဇကြောင့်လို့ ထင်မှတ်တတ်ကြပါတယ်။ တကယ်တော့ ရောက်ရှိနေတဲ့အသက်အရွယ်ထက် မိမိရဲ့ရုပ်ရည်က ပိုပြီးရင့်ရော် နေတာဟာဆိုရင် မျိုးရိုးဗီဇကြောင့်ဆိုတာထက် မိမိရဲ့နေထိုင်စားသောက်မှုပုံစံတို့ကြောင့်ဖြစ်တာကို တွေ့ရ ပါတယ်။ တကယ်လို့ သင့်အနေနဲ့ အခုဆက်လက်ဖော်ပြပေးမယ့်နည်းလမ်းတွေအတိုင်း လိုက်နာနေထိုင်မယ် ဆိုရင်တော့ သဘာဝအတိုင်းနုပျိုလှပတဲ့ အလှတရားတွေကိုပိုင်ဆိုင်နိုင်မှာအသေအချာပါပဲ။

(၁) နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ရှားပါ။

အသားအရည်အိုမင်းရင့်ရော်ရတဲ့ အဓိကအကြောင်းအရင်းတွေထဲမှာ နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့ခြင်းက ထိပ်ဆုံးကနေပါဝင်ပါတယ်။ နေရောင်ထဲမှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ဟာဆိုရင် အသားအရည်ပေါ်က Elastin ကို ထိခိုက်ပျက်စီးစေတာကြောင့် အသားအရည်မွဲခြောက်ခြင်း၊ အရေးအကြောင်းနဲ့ အစက်အပျောက်များ ဖြစ်ပေါ်ခြင်း၊ အသားရောင်မညီမညာဖြစ်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ နေရောင်ထဲ မထွက်ခင်အချိန်မှာ ခရမ်းလွန်ရောင်ခြည်ဒဏ်ကိုကာကွယ်ပေးတဲ့ နေလောင်ကာခရင်မ်တွေကို စနစ်တကျနဲ့ သေချာလိမ်းဖို့လိုအပ်ပါတယ်။ အလှအပရေးရာပညာရှင်တွေနဲ့ အရေပြားကျန်းမာရေးပညာရှင်တွေကတော့ နေရောင်ထဲထွက်သည်ဖြစ်စေ၊ မထွက်သည်ဖြစ်စေ နေလောင်ကာခရင်မ် (sunscreen) ကို နေ့တိုင်းလိမ်းပေးဖို့ လိုအပ်တယ်လို့ အကြံပြုထားကြပါတယ်။

(၂) ရေများများသောက်ပါ။

ရေဓာတ်ခမ်းခြောက်ခြင်းဟာ အသားအရည်ခြောက်သွေ့ပျက်စီးမှုတွေကိုဖြစ်ပေါ်စေနိုင်တာကြောင့် ကျန်းမာလှပပြီး နုပျိုတဲ့အသားအရည်ကို ပိုင်ဆိုင်နိုင်ဖို့အတွက် လိုက်နာသင့်တဲ့နည်းလမ်းတွေထဲမှာ ရေသောက်များများခြင်းကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ရေသောက်ခြင်းဟာ အသားအရည်လှပဖို့ အထောက်အကူဖြစ်ရုံသာမက ခန္ဓာကိုယ်အတွင်းမှ အဆိပ်အတောက်တွေကိုလည်း ကင်းစင်စေတာကြောင့် ကျန်းမာရေးပညာရှင်တွေကတော့ လူတစ်ယောက်ဟာ တစ်နေ့ကိုအနည်းဆုံး ရေ ၈ ခွက် သောက်သုံး ပေးသင့်တယ်လို့ တိုက်တွန်းထားကြပါတယ်။

(၃) အိပ်ရေးဝဝအိပ်ပါ။

အသားအရည်ကိုထိခိုက်ပျက်စီးစေတဲ့ အကြောင်းအရင်းတွေထဲမှာ အိပ်ချိန်မမှန်ခြင်း၊ အိပ်ရေးမဝခြင်းတို့ကလည်း အရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်ပါတယ်။ ခန္ဓာကိုယ်အတွင်းမှ ဆဲလ်လည်ပတ်မှုနဲ့ ဆဲလ်အသစ်ရှင်သန်မှုကို အထောက်အပံ့ပေးတဲ့ ဟော်မုန်းတွေဟာဆိုရင် အိပ်စက်နေတဲ့အချိန်အတွင်းမှာ ထွက်ပေါ်လာတာကြောင့် ကျန်းမာပြီးနုပျိုလှပတဲ့ အသားအရည်ကိုပိုင်ဆိုင်နိုင်ဖို့အတွက်ဆိုတာက အိပ်ချိန်မှန်မှန်နဲ့ အိပ်ရေး၀၀အိပ်စက် ပေးဖို့ လိုအပ်ပါတယ်။ အိပ်တဲ့အခါမှာလည်း သေချာသန့်ရှင်းလျှော်ဖွပ်ထားတဲ့ ခေါင်းအုံးအစွပ်တွေကို အသုံးပြု သင့်ပါတယ်။

(၄) အသီးအရွက်နှင့် သစ်သီးဝလံများ စားသုံးပါ။

ကြည်လင်တောက်ပပြီး နုပျိုမြစ်တဲ့အသားအရည်ကိုပိုင်ဆိုင်ရရှိစေဖို့အတွက် နေထိုင်စားသောက်သင့်တဲ့ ပုံစံတွေထဲမှာ သစ်သီးဝလံတွေနဲ့ အသီးအရွက်တွေကို စားသုံးခြင်းကလည်းပါဝင်ပါတယ်။ ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးဝလံတွေမှာဆိုရင် ကျန်းမာရေးနဲ့ညီညွှတ်မှုရှိပြီး ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ဒီစားသောက်မှုပုံစံဟာဆိုရင် ခန္ဓာကိုယ်ကျန်းမာရေးအတွက် အကျိုးရှိရုံသာမက အသားအရည်လှပမှုအတွက်ကိုလည်း များစွာအထောက်အကူပြုတာဖြစ်ပါတယ်။

(၅) ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ။

ခန္ဓာကိုယ်လေ့ကျင့်ခန်းပြုလုပ်ခြင်းက ကိုယ်အလေးချိန်ထိန်းသိမ်းဖို့အတွက်သာမဟုတ်ဘဲ နုပျိုုလှပဖို့အတွက်ပါ များစွာအထောက်အကူပြုတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ လေ့လာတွေ့ရှိမှုတွေအရဆိုရင် ကိုယ်လက် လေ့ကျင့်ခန်း ပြုလုပ်ပြီး လှုပ်လှုပ်ရှားရှားနေထိုင်ခြင်းက အိုမင်းရင့်ရော်မှုကို ဆယ်နှစ်နီးပါးနှေးကွေး စေနိုင်တယ်လို့သိရပါတယ်။ ဒါ့အပြင် ကိုယ်လက်လှုပ်ရှားမှုတွေပြုလုပ်ခြင်းက သွေးလည်ပတ်စီးဆင်းမှုကို ကောင်းမွန်စေပြီး အောက်စီဂျင်နဲ့ တခြားအရေးပါတဲ့ အာဟာရဓာတ်တွေကိုလည်း ခန္ဓာကိုယ်အနှံရွေ့လျား စေတာကြောင့် ပိုမိုနုပျိုတဲ့အသွင်အပြင်ကိုရရှိစေပါတယ်။

(၆) အသားအရည်ကိုစနစ်တကျထိန်းသိမ်းပါ။

“လှချင်ရင် မပျင်းနဲ့” ဆိုတဲ့စကားအတိုင်း သင့်အနေနဲ့ ကျန်းမာလှပတဲ့အသားအရည်ကို ပိုင်ဆိုင်ချင်တယ် ဆိုရင်တော့ အသားအရည်ထိန်းသိမ်းမှုကို အလေ့အကျင့်တစ်ခုအဖြစ် နေ့စဉ်ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။ တစ်နေ့တာအတွက် လုပ်ငန်းဆောင်တာတွေပြီးစီးလို့ အိမ်ပြန်ရောက်ပြီး အနားယူတော့မယ်ဆိုတာနဲ့ အိပ်ရာမဝင်ခင်အချိန်မှာ မျက်နှာကို သေချာစွာဆေးကြောသန့်စင်ပေးသင့်ပြီး ဒီအချက်ဟာဆိုရင် မျက်နှာအသားအရည်ထိန်းသိမ်းမှုမှာ အရေးကြီးတဲ့အဆင့်ဖြစ်ပါတယ်။ အဲဒီနောက်မှာမှ ကိုယ့်အသားအရည် နဲ့လိုက်ဖက်သင့်လျော်တဲ့ အသားအရည်ထိန်းအလှကုန်ပစ္စည်းတစ်ခုခုကို လိမ်းပေးရမှာဖြစ်ပါတယ်။ အလှကုန်ပစ္စည်းတွေလိမ်းတဲ့အခါမှာလည်း မျက်နှာကိုအစိုဓာတ်ရရှိအောင် ရေဓာတ်ဖြည့်တင်းပေးတဲ့ Moisturizer ကိုကတော့ မဖြစ်မနေသေသေချာချာလိမ်းပေးသင့်တယ်လို့ အသားအရည်လှပမှုဆိုင်ရာ ပညာရှင်တွေက အကြံပြုပေးထားကြတာကို တွေ့ရပါတယ်။

(၇) ကဖင်းဓာတ်နှင့် အယ်လ်ကိုဟောဓာတ်လျှော့ချပါ။

ကဖင်းဓာတ်ပါဝင်တဲ့ ကော်ဖီ၊ လက်ဖက်ရည်တွေနဲ့ အယ်လ်ကိုဟောပါဝင်တဲ့ အရက်၊ ဘီယာတို့ဟာဆိုရင် “တန်ဆေး လွန်ဘေး” ဆိုတဲ့အတိုင်း မျှတစွာသုံးစွဲမယ်ဆိုရင် ကျန်းမာရေးအတွက်အတိုင်းအတာတစ်ခုအထိတော့ အကျိူးကျေးဇူးတွေကိုရရှိစေမှာပါ။ ဒါပေမယ့် အတိုင်းထက်လွန်လာမယ်ဆိုရင်တော့ ရေဓာတ်တွေနဲ့ ခန္ဓာကိုယ်မှ အာဟာရဓာတ်ကို ချေဖျက်သွားနိုင်ပြီး တခြားမလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေနဲ့ အသားအရည် ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ကျန်းမာပြီးနုပျိုလှပတဲ့ အသားအရည်ကိုရရှိပိုင်ဆိုင်ဖို့ကြိုးစားနေတယ်ဆိုရင်တော့ သင်လက်ရှိစွဲမြဲစွာ သောက်သုံးနေတဲ့အရာတွေကို မဖြတ်တောက်နိုင်ရင်တောင်မှ အကန့်အသတ်နဲ့သောက်သုံးဖို့အတွက် အကြံပေးပါရစေ။

(၈) စိတ်ဖိစီးမှုလျှော့ချပါ။

“စိတ်ပျိုကိုယ်နု၊ စိတ်ထောင်းကိုယ်ကြေ” ဆိုတဲ့စကားတွေအတိုင်း ကိုယ်ခန္ဓာကျန်းမာစေဖို့အတွက်ဆိုတာက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်နေဖို့ လိုအပ်ပါတယ်။ မိသားစုတာဝန်တွေ၊ အလုပ်ကိစ္စတွေနဲ့ လူမှုရေးကိစ္စအရပ်ရပ်တို့ကြောင့် စိတ်ဖိစီးမှုတွေများပြားပြီး စိတ်ပိုင်းဆိုင်ရာက ပင်ပန်းနွမ်းနယ်လာတဲ့အခါ ကိုယ်ခန္ဓာပိုင်းဆိုင်ရာမှာလည်း တခြားသောကျန်းမာရေးပြဿနာတွေက သေချာပေါက်ရှိလာမှာပါ။ ဒီအခါမှာတော့ အသားအရည်ပိုင်းမှာလည်း ထိခိုက်ပျက်စီးမှုတွေရှိလာမှာဖြစ်တဲ့အတွက် အရွယ်မတိုင်ခင် အချိန်ကတည်းက အိုမင်းရင့်ရော်မှုတွေကို သေချာပေါက်ကြုံတွေ့လာရမှာဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ စိတ်ဖိစီးမှုကိုလျှော့ချနိုင်ဖို့အတွက် တရားထိုင်ခြင်း၊ ဆိုရှယ်မီဒီယာနဲ့ ဖုန်းသုံးစွဲမှုကိုလျှော့ချပြီး ချစ်ခင်သူတွေနဲ့ အချိန်ကုန်ဆုံးခြင်း၊ ယောဂကျင့်ခြင်းတို့ကိုပြုလုပ်ပေးသင့်ပါတယ်။

ကဲ … ဒီလောက်ဆိုရင်တော့ သဘာဝအတိုင်းနုပျိူလှပစေဖို့အတွက် ဘယ်လိုမျိုးနေထိုင်စားသောက်သင့်တယ် ဆိုတာကို MI Radio ရဲ့ ပရိသတ်ကြီးတို့လည်း သိရှိသဘောပေါက်လောက်ကြပြီထင်ပါတယ်နော်။ နောက်လာမယ့် Health Tips အစီအစဉ်တွေမှာရော ဘယ်လိုမျိုးကျန်းမာရေးဗဟုသုတတွေကို ဝေမျှတင်ဆက်ပေးသွားမလဲဆိုတာ စောင့်မျှော်အားပေးကြပါဦး။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.