YGN 96.1 MDY 96.5 NPT 96.7

Back to Blog

ADS

ADS

Travel 20, Oct 2022

Angina (သို့မဟုတ်) နှလုံးသွေးကြောကျဉ်းမှုကြောင့်ရင်ဘတ်အောင့်ခြင်းအကြောင်း သိကောင်းစရာ

Angina (သို့မဟုတ်) ရင်ဘတ်အောင့်ခြင်းဆိုတာကတော့ နှလုံးသွေးကြောတွေကျဉ်းမြောင်းတာကြောင့် နှလုံးကြွက်သားဆီကို သွေး၊ အောက်ဆီဂျင်နဲ့ ဂလူးကို့စ်တို့ အလုံအလောက်မရောက်ရှိတော့တဲ့အတွက် ဖြစ်ပေါ်လာတဲ့ဝေဒနာဖြစ်ပါတယ်။ ဒီဝေဒနာဟာ အသက်အန္တရာယ်ကို မထိခိုက်နိုင်ဘူးဆိုပေမယ့်လည်း နှလုံးလေဟပ်ခြင်း (သို့မဟုတ်) ရုတ်တရက် နှလုံးရပ်တန့်ခြင်းတို့ကိုဖြစ်စေနိုင်ပြီး ကိုယ်လက်လှုပ်ရှားမှုပြင်းထန်စွာပြုလုပ်တဲ့အချိန်၊ စိတ်ခံစားမှုပြင်းထန်တဲ့အချိန်တွေနဲ့ စိတ်လှုပ်ရှားမှုအမြင့်ဆုံး ဖြစ်နေတဲ့အချိန်တွေမှာ ဖြစ်ပေါ်လာနိုင်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် နေထိုင်စားသောက်မှုပုံစံတွေ ပြောင်းလဲပြီး စနစ်တကျနဲ့ဆေးကုသမှုခံယူမယ်ဆိုရင်တော့ ဝေဒနာကိုသက်သာစေနိုင်ပြီး အကျိူးဆက်‌ဖြစ်ပေါ်နှုန်းကိုလည်း လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။

Angina အမျိုးအစားကတော့ (၃) မျိုးရှိပါတယ်။ အဲဒါတွေကတော့ ….

Stable Angina

Angina (၃) မျိုးထဲကမှ အဖြစ်အများဆုံးကတော့ Stable Angina ပဲဖြစ်ပါတယ်။ Stable Angina ဟာ ကိုယ်လက်လှုပ်ရှားမှု ပြင်းထန်လို့ နှလုံးက ပုံမှန်ထက်အလုပ်ပိုလုပ်ရတဲ့အချိန်တွေနဲ့ စိတ်ဖိစီးမှုများပြားတဲ့အချိန်တွေမှာ ဖြစ်ပေါ်တတ်ပြီး သေသေချာချာအနားယူကာ ဆေးသောက်လိုက်မယ်ဆိုရင်တော့ မိနစ်အတွင်းမှာပဲ သက်သာစေနိုင်ပါတယ်။

Unstable Angina

Unstable Angina ကတော့ အန္တရာယ်အများဆုံးဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားအားထုတ်မှုမရှိတဲ့အချိန်တွေ အထူးသဖြင့် ညဘက်အိပ်စက်နေတဲ့အချိန်တွေမှာ ဖြစ်ပေါ်နိုင်ပါတယ်။ Unstable Angina ဖြစ်ပြီဆိုရင် Stable Angina ထက် ပိုမိုပြင်းထန်ပြီး အနားယူဆေးသောက်လို့လည်း မသက်သာနိုင်ပါဘူး။ ဒါဟာ မကြာခင်အချိန်မှာ သင့်ရဲ့နှလုံးထိခိုက်ခံရတော့မယ့် သင်္ကေတဖြစ်တာကြောင့် နီးစပ်ရာ ဆေးခန်း၊ ဆေးရုံဆီကိုသာ အမြန်ဆုံးသွားရောက်ကုသသင့်ပါတယ်။

Varient Angina

Varient Angina ကတော့ ဖြစ်တာရှားပါးပြီး နှလုံးသွေးကြောပိတ်တဲ့အခါတွေမှာ ဖြစ်တတ်ပါတယ်။ အနားယူနေတဲ့အချိန်တွေမှာ ဖြစ်ပြီဆိုရင်တော့ ဝေဒနာပြင်းထန်နိုင်ပြီး အိပ်စက်နေတဲ့ညသန်းခေါင်အချိန်တွေနဲ့ မနက်အစောပိုင်းတွေမှာဖြစ်တတ်ကာ ဆေးသောက်ရင်‌တော့ သက်သာနိုင်ပါတယ်။

Angina ရဲ့ရောဂါလက္ခဏာတွေကတော့

  • ရင်ဘတ်အောင့်ခြင်း။
  • လက်မောင်း၊ လည်ပင်း၊ မေးရိုးနဲ့ ပုခုံး (သို့မဟုတ်) နောက်ကျောဘက်အောင့်ခြင်း။
  • ပျို့အန်ခြင်း။
  • မောပန်းခြင်း။
  • အသက်ရှူကြပ်ခြင်း။
  • ချွေးထွက်ခြင်း။
  • မူးဝေခြင်း။
  • တစ်ကိုယ်လုံး ဖြူဖပ်ဖြူရော်ဖြစ်ပြီး နှုတ်ခမ်းများပြာဝေခြင်းတို့ပဲဖြစ်ပါတယ်။

ဒီလိုရောဂါလက္ခဏာတွေပြလာပြီဆိုရင်တော့ ဆရာဝန်နဲ့သေချာစွာပြသသင့်ပါတယ်။ Stabel Angina က ရုတ်တရက်နှလုံးရပ်ခြင်းကို လတ်တလောမှာ မဖြစ်နိုင်သေးပေမယ့်လည်း နောင်တစ်ချိန်မှာတော့ဖြစ်လာနိုင်တာကြောင့်ဖြစ်ပြီး Unstable Angina ကတော့ အန္တရာယ်များကာ အရေးပေါ်ကုသမှုလိုအပ်တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် သင့်မှာ ဖော်ပြပါလက္ခဏာတွေရှိနေပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး ကုသမှုခံယူတာက အကောင်းဆုံးပါပဲ။

Angina ဖြစ်ရတဲ့အကြောင်းအရင်းတွေကတော့ နှလုံးဆီကို သွားတဲ့သွေးကြောတွေထဲမှာ အဆီတွေစုပုံနေခြင်း၊ နှလုံးခုန်နှုန်း စည်းချက်မမှန်ခြင်း၊ အောက်စီဂျင်သယ်ဆောင်ပေးတဲ့ သွေးနီဥတွေနည်းပါးခြင်းနဲ့ နှလုံးသွေးကြောပိတ်ခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။ Angina ဖြစ်ပေါ်နိုင်ချေကို မြင့်မားစေတဲ့အကြောင်းအရင်းတွေကလည်း များစွာရှိပြီး အဲဒီထဲကမှတစ်ခုကတော့ အမျိုးသမီးတွေအနေနဲ့ သွေးဆုံးပြီးချိန်မှာ ဖြစ်တတ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မိသားစုဝင်ဆီမှာ နှလုံးရောဂါအခံရှိနေခြင်း၊ အဆီကို အလွန်အကျွံစားသုံးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါနဲ့ အဆီများနေတဲ့သူတွေမှာလည်း Angina ဖြစ်နိုင်ချေမြင့်များတယ်လို့ ဆိုပါတယ်။ Angina ကိုကုသရာမှာတော့ ဆရာဝန်တွေရဲ့ ဆေးပေးလမ်းညွှန်မှုတွေအပြင် မိမိရဲ့လူနေမှုပုံစံကိုပြောင်းလဲပြီး အိမ်သုံးကုထုံးတွေကိုအသုံးပြုခြင်းကလည်း အထောက်အကူပြုတာကို တွေ့ရပါတယ်။

အဲဒီနည်းလမ်းတွေကတော့ ဆေးလိပ်သောက်ခြင်းနဲ့ ကော်ဖီသောက်သုံးမှုကို ရပ်တန့်ခြင်း၊ အဆီလျှော့ပြီး ဟင်းသီးဟင်းရွက်တွေနဲ့ အသီးအနှံတွေကို ပိုမိုစားသုံးခြင်း၊ ဆရာဝန်ညွှန်ကြားထားတဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေပြုလုပ်ခြင်း၊ စိတ်ဖိစီးမှုလျှော့ချခြင်းနဲ့ လုံလောက်စွာ အချိန်ပေးအနားယူခြင်းတို့ပဲဖြစ်ပါတယ်။

Angina လို့ခေါ်တဲ့ နှလုံးသွေးကြောကျဉ်းခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ ရင်ဘတ်အောင့်ရောဂါဟာ အသက်အန္တရာယ်ဖြစ်ရလောက်တဲ့အထိ မဆိုးရွားဘူးဆိုပေမယ့်လည်း ပေါ့ဆသင့်တဲ့ရောဂါတော့မဟုတ်ပါဘူး။ ဒါကြောင့် MI Radio ရဲ့ပရိသတ်တွေလည်း မိမိရဲ့ကျန်းမာရေးကို အသိနဲ့သတိယှဉ်ပြီး သတိထားဆင်ခြင်နိုင်ကြပါစေနော်။ Health Tips အစီအစဉ်ကို ဖတ်ရှုအားပေးကြတဲ့အတွက်လည်း ကျေးဇူးအထူးတင်ရှိပါတယ်။

ADS

Angina, Health tips