YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health February 14, 2023

ကိုယ်ဝန်ဆောင်ကာလကို ကျန်းမာပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့ လိုက်နာလုပ်ဆောင်သင့်တဲ့နည်းလမ်းများ

အိမ်ထောင်သည်အမျိုးသမီးတွေအနေနဲ့ လက်ထပ်ပြီးနောက်ပိုင်းမှာ ကိုယ်ဝန်ဆောင်ကာလကိုတော့ တစ်သက်မှာ တစ်ခါ အနည်းဆုံးဖြတ်သန်းကြရတာ သဘာ၀ပဲဖြစ်ပါတယ်။ ဒီကာလဟာလည်း အမျိုးသမီးတွေတိုင်းအတွက် အလှပဆုံးသော အခိုက်အတန့်ကာလတွေဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဟော်မုန်းပြောင်းလဲမှုတွေကြောင့် စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်စိတ်များပြားခြင်းတို့လည်း ဒီလိုအချိန်မျိုးမှာဖြစ်ပေါ်ခံစားကြရတာများပါတယ်။ ထို့အတွက်ကြောင့် ကိုယ်ဝန်ဆောင် ကာလမှာ မိခင်လောင်းတွေအနေနဲ့က စိတ်ပျော်ရွှင်ကျန်းမာနေဖို့ အရေးကြီးဆုံးပါပဲ။ ဒီတစ်ပတ်Health Tips ကဏ္ဍမှာ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေအနေနဲ့ ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်ကို ကျန်းမာပျော်ရွှင်စွာဖြတ်သန်းဖို့ ဘယ်လိုနည်းလမ်းမျိုးတွေကို လိုက်နာကျင့်သုံးသင့်လဲဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်။

ကိုယ်ဝန်ဆောင်အားဆေးများကို စနစ်တကျသောက်သုံးပါ။

ကိုယ်ဝန်ဆောင်အားဆေးတွေဟာဆိုရင် မိခင်လောင်းဖြစ်သူအတွက်သာမက သန္ဓေသားအတွက်လည်း လိုအပ်တဲ့အာဟာရဓာတ်တွေကို ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် မိခင်လောင်းတွေအနေနဲ့ ကိုယ်ဝန်ရှိနေပြီဆိုတာကို စတင်သိရှိတာနဲ့တစ်ပြိုင်နက် ပထမဆုံးပြုလုပ်သင့်တာကတော့ နားလည်တတ်ကျွမ်းတဲ့ဆရာဝန်တွေနဲ့ သေချာပြသပြီး ဆရာဝန်တွေညွှန်ကြားတဲ့ ကိုယ်ဝန်ဆောင်အားတိုးဆေးတွေကို စနစ်တကျသောက်သုံးတာပါပဲ။

လေ့ကျင့်ခန်းလုပ်ပါ။

ကိုယ်လက်လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ခြင်းဟာ ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး ကျန်းမာရေးအတွက် များစွာအကျိုးရှိသလို စိတ်ဖိစီးမှုကိုလည်းလျော့ကျစေပါတယ်။ ဒါကြောင့် မိခင်လောင်းမေမေတို့အနေနဲ့လည်း ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်မှာ ကိုယ်ဝန်ဆောင်ကိုယ်လက်လေ့ကျင့်ခန်းတွေကို အချိန်ပေးပြုလုပ်သင့်ပါတယ်။ ဒါမှမဟုတ်လည်း အရိပ်ရတဲ့နေရာမှာ တစ်နေ့ကို အနည်းဆုံး ၁၅ မိနစ်ကနေ ၂၀ မိနစ်မျှ အချိန်ပေးပြီး လမ်းလျှောက်‌ပေးခြင်း ပြုလုပ်နိုင်ပါတယ်။

Pilates (သို့မဟုတ်) Yoga ဆော့ခြင်း၊ ရေကူးခြင်းနဲ့ လမ်းလျှောက်ခြင်းတို့ဟာဆိုရင်တော့ ကိုယ်ဝန်ဆောင်မိခင်တွေအများစု ပြုလုပ်လေ့ရှိတဲ့ လေ့ကျင့်ခန်းတွေဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုးလေ့ကျင့်ခန်းတွေမပြုလုပ်ခင်မှာတော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်ပြီး လေ့ကျင့်ခန်းပြုလုပ်ရာမှာလည်း အလွန်အကျွံမပြုလုပ်ဖို့အတွက် သတိထားသင့်ပါတယ်။

Kegel Exercise ပြုလုပ်ပါ။

ကိုယ်ဝန်ဆောင်မိခင်လောင်းတွေအနေနဲ့ လေ့ကျင့်ခန်းပြုလုပ်တဲ့အခါမှာ Kegel Exercise လို့ခေါ်တဲ့ လေ့ကျင့်ခန်းတစ်မျိုးကို အလေးပေးပြုလုပ်သင့်တယ်လို့ ဆိုပါတယ်။ အကြောင်းအရင်းကတော့ Kegel Exercise ထဲမှာပါဝင်တဲ့ ကိုယ်နေဟန်ထားတွေက သင့်ရဲ့ဆီးအိမ်၊ သားအိမ်နဲ့ အူလမ်းကြောင်းတို့ကို အထောက်အပံ့ဖြစ်စေရုံသာမက တင်ပါးဆုံတွင်းကြွက်သားတွေကိုပါ အားကောင်းစေတဲ့အတွက်ကြောင့်ပါပဲ။ ဒါကြောင့် အဆိုပါလေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပေးမယ်ဆိုပါက မီးဖွားတဲ့အခါမှာ ပိုမိုလွယ်ကူစေပြီး နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်တဲ့ မီးတွင်းကာလပြဿနာတွေကိုလည်း အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။

ကျန်းမာရေးနဲ့ညီညွတ်အောင် မျှတစွာစားသုံးပါ။

ကိုယ်ဝန်ဆောင်မိခင်လောင်းတွေရော၊ မွေးဖွားလာမယ့်ရင်သွေးငယ်တွေပါ ကျန်းမာနေစေဖို့အတွက် အရေးကြီးတာကတော့ အာဟာရဓာတ်ပြည့်၀မှုရှိနေဖို့ပါပဲ။ ဒီလိုမျိုးအာဟာရဓာတ်ပြည့်၀ဖို့ဆိုရာမှာတော့ တစ်နေ့တာစားသုံးမှုမှာ သစ်သီး၀လံတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ အသားဓာတ်တွေပါဝင်အောင် ညီညွတ်မျှတစွာနဲ့ စားသုံးပေးရမှာပဲဖြစ်ပါတယ်။ မွေးဖွားလာမယ့် ရင်သွေးငယ်လေးကို အကောင်းဆုံးကြီးထွားပြီး ဦးနှောက်စွမ်းရည်ဖွံ့ဖြိုးချင်တယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေ အနေနဲ့ Omega Fatty Acids တွေပါဝင်တဲ့ ငါးတွေကို တစ်ပတ်လျှင် နှစ်ကြိမ်စားသုံးပေးသင့်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင် ကာလမှာ ဝမ်းချုပ်ခြင်းလည်းမဖြစ်စေဖို့အတွက် အမျှင်ဓာတ်တွေကို စားသုံးပေးသင့်ပြီး ရေကိုတော့ တစ်နေ့လျှင် ၆ အောင်စမှ ၈ အောင်စအထိ သောက်သုံးပေးသင့်ပါတယ်။ ချက်ပြုတ်ထားခြင်းမရှိတဲ့ အသားစိမ်း၊ ငါးစိမ်းတွေ၊ အရက်သေစာတွေ၊ ဆေးလိပ် တွေကတော့ ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်လုံးမှာ ရှောင်ကြဉ်ထားသင့်တဲ့အရာတွေ ဖြစ်ပါတယ်။

အရက်သေစာနဲ့ ဆေးလိပ်သောက်သုံးမှုလျှော့ချပါ။

ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ အရက်သေစာ၊ ဆေးလိပ်သောက်သုံးခြင်းဟာ ကိုယ်ဝန်ပျက်ကျခြင်းနဲ့ တခြားသောကျန်းမာရေး ပြဿနာတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါကြောင့် သင်က ဆေးလိပ်သောက်လေ့သောက်ထရှိသူ၊ အရက်သေစာကို မှီဝဲသောက်သုံးတတ်သူဖြစ်တယ်ဆိုပါက ကိုယ်ဝန်ဆောင်ကာလအတွင်းမှာတော့ ဒီလုပ်ရပ်တွေကို ရပ်တန့်ထားသင့်ပါတယ်။ တကယ်လို့များ အဆိုပါလုပ်ရပ်တွေက သင့်အတွက် ဖြတ်တောက်ဖို့ခက်ခဲတဲ့ အကျင့်တစ်ခုသဖွယ်ဖြစ်နေတယ်ဆိုရင်လည်း သင့်ရဲ့ဆရာဝန်ကိုသေချာတိုင်ပင်ပြီး ဘယ်လိုပုံစံမျိုးနဲ့ ရပ်တန့်ပစ်နိုင်မလဲဆိုတာကို အကြံဉာဏ်တောင်းခံသင့်ပါတယ်။

သက်တောင့်သက်တာနေပြီး စိတ်ဖိစီးမှုကိုလျှော့ချပါ။

စိတ်ဖိစီးမှုဟာ သင့်ရဲ့စိတ်ပိုင်းဆိုင်ရာကိုသာမက ရုပ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေတယ်ဆိုတာကိုတော့ စာဖတ်ရှုသူပရိသတ်တို့ သိရှိထားကြပြီးဖြစ်မှာပါ။ ဒါကြောင့် မိခင်လောင်းတွေအနေနဲ့ အဲဒီလိုမျိုး စိတ်ဖိစီးမှုတွေကနေရှောင်ရှားနိုင်ဖို့အတွက် ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ အတတ်နိုင်ဆုံး စိတ်ကိုသက်တောင့်သက်သာဖြစ်အောင် ပေါ့ပေါ့ပါးပါးနေပေးသင့်ပါတယ်။

နေလောင်ကာခရင်(မ်)သုံးပေးပါ။

ကိုယ်ဝန်ဆောင်နဲ့ နေလောင်ကာခရင်(မ်) အသုံးပြုခြင်းက ဘယ်လိုဆက်စပ်မှုရှိနေမလဲလို့ သင်တို့အနေနဲ့ တွေးကောင်း တွေးမိကြမှာပါ။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာဆိုရင် အမျိုးသမီးတွေရဲ့အသားအရည်က ယခင်ကထက် ပိုမိုနူးညံ့တာကြောင့် နေရောင်ခြည်နဲ့ထိတွေ့တဲ့အခါမျိုးတွေမှာ နေလောင်ဒဏ်နဲ့ တခြားသောအစက်အပျောက်တွေကို ဖြစ်ပေါ်လာစေပါတယ်။ ဒါကြောင့် SPF 30 နဲ့အထက်ပါဝင်တဲ့ နေလောင်ကာခရင်(မ်) ကို အသုံးပြုပေးသင့်ပြီး ဓာတုပစ္စည်း အသုံးပြုရမှာကို စိုးရွံ့ကြတဲ့သူတွေအနေနဲ့ကတော့ ဓာတုပစ္စည်းပါဝင်မှုနည်းပါးတဲ့ နေလောင်ကာခရင်(မ်)မျိုးတွေကို ရွေးချယ်အသုံးပြုပေးသင့်သလို နေကာမျက်နှာနဲ့ ဦးထုပ်တို့ကိုလည်း ဝတ်ဆင်သင့်ပါတယ်။

တစ်ကိုယ်ရည်သန့်ရှင်းမှုရှိပါစေ။

ကိုယ်ဝန်ဆောင်ကာလမှာ မိခင်လောင်းတွေအနေနဲ့ လိုက်နာပြုလုပ်ပေးရမယ့် နောက်ထပ်တစ်ချက်ကတော့ တစ်ကိုယ်ရည် သန့်ရှင်းမှုပဲဖြစ်ပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းမှုလို့ဆိုရာမှာတော့ လက်ကိုဆပ်ပြာနဲ့ မကြာခဏဆေးကြောသန့်စင်ခြင်းက အဓိကအရေးကြီးတဲ့အချက်အနေနဲ့ပါဝင်တာကိုတွေ့ရပါတယ်။ အကြောင်းအရင်းကတော့ လက်ကိုဆေးကြောသန့်စင်ခြင်းက ရောဂါပိုးမွှားတွေကူးစက်ခံရမှုကို လျှော့ချကာကွယ်ပေးနိုင်တဲ့အတွက်ကြောင့်ပါပဲ။ ဒီနေ့ခေတ်အချိန်အခါမှာဆိုရင် ရေမလို လက်သန့်ဆေးရည်တွေ (တစ်နည်းအားဖြင့် Hand Gel) တွေကလည်း ပေါများနေတာကလည်း လက်ဆေးဖို့တကူးတက အချိန်မပေးချင်ကြတဲ့ မိခင်လောင်းမေမေတို့အတွက် အဆင်ပြေတယ်လို့ဆိုနိုင်ပါတယ်။

ခရီးသွားပါ။

လူတွေအများစုကတော့ ကိုယ်ဝန်ဆောင်ကာလမှာ ခရီးသွားခြင်းက အန္တရာယ်ရှိစေနိုင်တယ်လို့ဆိုကြမှာပါ။ ဒါပေမဲ့လည်း ကိုယ်ဝန်ဆောင်ကာလ ၁၄ ပတ်ကနေ ၂၈ ပတ်အတွင်းဟာဆိုရင် ခရီးသွားလာဖို့အတွက် အကောင်းဆုံးအချိန်ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီအချိန်မှာဆိုရင် ကိုယ်ဝန်ဆောင်တွေမှာဖြစ်တတ်တဲ့ Morning Sickness ကလည်း ကျော်လွန်သွားပြီဖြစ်သလို ကိုယ်ဝန်ပျက်ကျနိုင်တဲ့အခြေအနေ (သို့မဟုတ်) မီးဖွားခါနီးအခြေအနေတွေကလည်း လွတ်ကင်းနေတာကြောင့် သင် ပြနေကျ ဆရာဝန်နဲ့တိုင်ပင်ပြီး သင်သွားလိုတဲ့ခရီးတွေကို စီစဉ်သွားလာနိုင်ပါတယ်။

ဒါပေမဲ့ ခရီးစဉ်တစ်လျှောက်မှာတော့ ရေဓာတ်ပြည့်၀နေဖို့အတွက် ရေများများသောက်ခြင်း၊ သွေးလည်ပတ်မှု ကောင်းမွန်စေဖို့ အညောင်းအညာပြေလမ်းလျှောက်ခြင်းတို့ကို မမေ့လျော့ဘဲပြုလုပ်ပေးသင့်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်တွေအနေနဲ့ ကားနဲ့သွားတဲ့အခါမှာဆိုရင် လုံခြုံရေးခါးပတ်ကို သေချာဝတ်ဆင်ထားသင့်သလို ဖြစ်နိုင်မယ်ဆိုရင်လည်း Airbag (လေအိတ်) နဲ့ ဝေးနိုင်သမျှဝေးတဲ့နေရာမှာ ထိုင်သင့်တယ်လို့ဆိုပါတယ်။

အကောင်းမြင်စိတ်မွေးပါ။
ကိုယ်ဝန်ဆောင်ကာလမှာ မိခင်လောင်းတွေရဲ့စိတ်ခံစားချက်က အင်မတန်ကိုမှ ထိလွယ်ရှလွယ်လွန်းတတ်ကြောင့် တော်ရုံဖြစ်ပေါ်လာတဲ့ကိစ္စရပ်တွေအပေါ်မှာ အဆိုးမြင်စိတ်တွေဖြစ်ပေါ်တတ်ပါတယ်။ ဒါကြောင့် ဒီလိုအချိန်ကာလမျိုးမှာ သတိလေးကပ်ထားပြီး ကြားသိလိုက်ရတဲ့အပျက်သဘောကိစ္စတွေကို အတတ်နိုင်ဆုံး အကောင်းမြင်ပေးသင့်ပါတယ်။ ဒါမှသာလျှင် စိတ်ဖိစီးမှုလျော့ကျပြီး မိခင်ကိုယ်တိုင်ကိုရော၊ ရင်သွေးလေးကိုပါ ကျန်းမာစေမှာဖြစ်ပါတယ်။

 

ပြုံးပါ။

စိတ်ဖိစီးမှုတွေကို သက်သာလျော့ပါးစေနိုင်တဲ့ အလွယ်ကူဆုံးနဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ ပြုံးတာပါပဲ။ ဒါကြောင့် မိခင်လောင်းတွေအနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ရောကိုယ်ပါ သက်တောင့်သက်သာဖြစ်ပြီး ပျော်ရွှင်နေစေဖို့အတွက် တတ်နိုင်သမျှ ပြုံးပြသင့်ပါတယ်။

ကျန်းမာရေးဂရုစိုက်ပါ။

သွေးသားပြောင်းလဲမှုတွေ အများဆုံးဖြစ်ပေါ်တတ်တဲ့ ကိုယ်ဝန်ဆောင်ကာလမှာဆိုရင် ရောဂါမျိုးစုံကလည်း အခြေအနေတွေ အမျိုးမျိုးကြောင့် လွယ်လင့်တကူဖြစ်ပေါ်လာနိုင်တာကိုတွေ့ရပါတယ်။ ဥပမာအားဖြင့်ကတော့ ကိုယ်ဝန်ဆောင်ကာလမှာ မိခင်လောင်းတွေ အများစုကြုံတွေ့ရတဲ့ပြောင်းလဲမှုတစ်ခုကတော့ ကိုယ်အလေးချိန်တက်ခြင်းပါပဲ။ ကိုယ်အလေးချိန်တက်တာက ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်ပေါ်လေ့ရှိတဲ့ပြောင်းလဲခြင်းတစ်ခုဆိုပေမဲ့ လိုအပ်တာထက်ပိုပြီး ကိုယ်အလေးချိန်တွေတက်လာမယ်၊ တစ်နည်းအားဖြင့် အ၀လွန်လာမယ်ဆိုရင်တော့ သိုင်းရွိုက်ကိုလည်းထိခိုင်စေနိုင်သလို ဆီးချိုနဲ့ သွေးတိုးရောဂါကိုလည်း ဖြစ်လာစေနိုင်ပါတယ်။

ဒါကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ အ၀မလွန်စေဖို့ သတိထားဂရုပြုသင့်ပြီး အိပ်ရေး၀၀အိပ်ခြင်း၊ လိုအပ်တဲ့ကာကွယ်ဆေးများ ထိုးနှံခြင်းနဲ့ တခြားသောကျန်းမာရေးစောင့်ရှောက်မှုတွေကို စနစ်တကျခံယူသင့်ပါတယ်။ ဒီတော့မှသာလျှင် ကျန်းမာပျော်ရွှင်တဲ့ ကိုယ်ဝန်ဆောင်ကာလကိုဖြတ်သန်းနိင်ပြီး ကျန်းမာတဲ့ရင်သွေးငယ်လေးကို အောင်မြင်စွာနဲ့ မွေးဖွားနိုင်မှာဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်လောင်းတွေအနေနဲ့ ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်ကို ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နိုင်ဖို့ အထက်ပါအချက်များကို လိုက်နာကျင့်သုံးပြီး ကျန်းမာပျော်ရွှင်တဲ့ ရင်သွေးလေးကို သားရောမိခင်ပါ ကျန်းမာစွာနဲ့ အဆင်ပြေချော့မွေ့စွာ မွေးဖွားနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

နောက်တစ်ပတ်မှာ ကျန်းမာရေးအစီအစဉ်များနဲ့ ပြန်လာခဲ့ပါဦးမယ်။

Health Tips, Pregnancy Tips
Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.