YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health February 14, 2023

မျက်မြှေးရောင်ရမ်းခြင်းအကြောင်း သိကောင်းစရာ

Pink Eye လို့လည်းသတ်မှတ်ခေါ်ဝေါ်ကြတဲ့ မျက်မြှေးရောင်ရမ်းခြင်းဟာဆိုရင် မျက်စိနဲ့ပတ်သက်တဲ့ ရောဂါတွေထဲမှာ အဖြစ်များလေ့ရှိတဲ့ ရောဂါပြဿနာတစ်မျိုးဖြစ်ပါတယ်။ မျက်မြှေးရောင်ရမ်းခြင်း ဆိုတာကတော့ မျက်စိရဲ့အဖြူရောင် အစိတ်အပိုင်းနေရာတွေမှာ အနီရောင် (သို့မဟုတ်) ပန်းရောင်တွေ ဖြစ်ပေါ်လာတာဖြစ်ပြီး ဒီလက္ခဏာတစ်ရပ်ဟာဆိုရင် မျက်လုံးရဲ့အတွင်းအစိတ်အပိုင်းတွေကို ကာကွယ်ပေး တဲ့ အလွှာတွေမှာ ပိုးဝင်ခြင်း (သို့မဟုတ်) ရောင်ရမ်းခြင်းတွေ ဖြစ်နေပြီဆိုတာကို သိရှိစေနိုင်တဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ မျက်မြှေးရောင်ရမ်းခြင်းက အသက်အရွယ်နဲ့ ကျား၊ မ မရွေး ဖြစ်နိုင်သလို မျက်မှန်တပ်တဲ့သူတွေမှာရော၊ မျက်မှန်မတပ်တဲ့သူတွေမှာပါ အဖြစ်များတဲ့မျက်စိပြဿနာတစ်မျိုးဖြစ်ပြီး အမျိုးသမီးမှာတော့ ပိုမိုအဖြစ်များလေ့ရှိတာကိုတွေ့ရပါတယ်။ မျက်မြှေးရောင်ရမ်းခြင်းနဲ့ပတ်သက်ပြီး ပရိသတ်တို့အနေနဲ့ သိရှိထားသင့်တဲ့ မှတ်သားစရာဗဟုသုတတွေကို Health Tips အစီအစဉ်ကနေ တင်ဆက်ပေးလိုက်ပါတယ်။

မျက်မြှေးရောင်ရမ်းရတဲ့အဓိကအကြောင်းအရင်းကတော့ ဖုန်မှုန့်နဲ့ အမှိုက်စတွေ မျက်စိတွင်း ဝင်ရောက်ခြင်းကြောင့်ဖြစ်နိုင်သလို Eyeliner (သို့မဟုတ်) Eyeshadow တို့လိုမျိုး ဓာတုပစ္စည်းတွေ မျက်စိထဲမတော်တဆဝင်ရောက်မိခြင်းတို့ကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါ့အပြင် တခြားဓာတ်မတည့်တဲ့ အရာတွေ (ဥပမာ – ရေမွှေး၊ ပန်းဝတ်မှုံ) မျက်စိထဲဝင်ရောက်ခြင်း၊ ပင်လယ်စာတွေလိုမျိုး ဓာတ်မတည့်တဲ့ အစားအစာတွေစားမိခြင်း၊ ရာသီဥတုအပြောင်းအလဲကြောင့် အအေးမိခြင်း၊ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုး တွေဝင်ရောက်ခြင်းတို့ကြောင့်လည်း မျက်မြှေးရောင်ရမ်းတွေကဖြစ်ပေါ်တတ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဖော်ပြပါအကြောင်းအရင်းတွေထဲက တခြားအကြောင်းအရင်းတွေနဲ့ ဘက်တီးရီးယားကြောင့်ဖြစ်ပေါ် တတ်တဲ့ မျက်မြှေးရောင်ရမ်းခြင်းကို ပဋိဇီဝပိုးသတ်ဆေးတွေနဲ့ ကုသလို့ရနိုင်ပေမယ့် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပေါ်လာတဲ့ မျက်မြှေးရောင်ရမ်းမှုကိုတော့ ပဋိဇီဝပိုးသတ်ဆေးတွေနဲ့ လွယ်လင့်တကူ ကုသလို့မရနိုင်ဘဲ ဆေးရုံ၊ ဆေးခန်းသွားရောက်ပြသကာ နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ ကုသရမှာဖြစ်ပါတယ်။

မျက်မြှေးရောင်ရမ်းခြင်းက ပုံစံအမျိုးမျိုးရှိတတ်တာကြောင့် တစ်ယောက်နဲ့တစ်ယောက်ဖြစ်ပေါ်ပုံ တွေက တူညီလေ့မရှိကြပေမယ့် မျက်ခွံအရှေ့ပိုင်း ရောင်ရမ်းခြင်းနဲ့ မျက်ခွံအနောက်ပိုင်းရောင်ရမ်းခြင်း လို့ဆိုပြီး လွယ်လင့်တကူခွဲခြားနိုင်ပါတယ်။ မျက်မြှေးရောင်ရမ်းခြင်းက မျက်စိနာခြင်းတစ်မျိုးလည်း ဖြစ်တာကြောင့် မျက်မြှေးရောင်ရမ်းနေသူ၊ တစ်နည်းအားဖြင့် မျက်စိနာနေသူရဲ့ မျက်စိအတွင်းမှ ထွက်ရှိလာတဲ့ မျက်ရည်တွေ၊ မျက်ဝတ်တွေရှိနေနိုင်တဲ့ မျက်နှာသုတ်ပုဝါ၊ မျက်မှန်နဲ့ လက်တို့ကနေတစ်ဆင့် ကူးစက်မှုတွေလည်းဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့လည်း မိမိတို့ သုံးနေကျမဟုတ်တဲ့ အလှပြင်ပစ္စည်းတွေအပြင် အခြားသူများရဲ့ အသုံးအဆောင်ပစ္စည်းတွေကို ယူဆောင် သုံးစွဲခြင်းကနေရှောင်ရှားသင့်ပါတယ်။

မျက်မြှေးရောင်ရမ်းခြင်းဖြစ်နေပြီဆိုတာကို သိရှိစေနိုင်တဲ့လက္ခဏာတွေကတော့

  • မျက်စိပွတ်လိုက်ရုံနဲ့တင် မျက်တောင်မွှေးများ ကျွတ်ခြင်း။
  • မျက်စိတစ်ဝိုက်ယားယံပြီး စူးအောင့်ခြင်း။
  • မျက်စိနီမြန်းပြီး မျက်ရည်ပူတွေစီးကျခြင်း။
  • မျက်ခွံတွေရောင်ရမ်းမို့မောက်ခြင်း။
  • မျက်ဝတ်ကဲ့သို့ စေးပျစ်ပျစ်အရည်များထွက်ရှိကာ မျက်ခွံတွေက မျက်စိဖွင့်လို့မရအောင်ပိတ်နေခြင်း။
  • စူးရှတဲ့အလင်းရောင်တွေကို ခံနိုင်ရည်မရှိခြင်းတို့ပဲ ဖြစ်ပါတယ်။

ဒီလိုလက္ခဏာတွေဖြစ်လာပြီဆိုရင်တော့ သန့်ရှင်းပြီးနူးညံ့တဲ့အဝတ်စ (သို့မဟုတ်) ဂွမ်းစကို ရေကြက်သီး နွေးဆွတ်ကာ မျက်စိကို နေ့စဉ်သန့်ရှင်းပေးခြင်းဖြင့် သက်သာလာအောင်ပြုလုပ်နိုင်ပါတယ်။ ဒါပေမဲ့ မျက်ကြည်လွှာဆိုတာမျိုးက အလွန်နူးညံ့တာကြောင့် ဆရာဝန်ရဲ့ညွှန်ကြားချက်မရှိဘဲ မိမိစိတ်ကြိုက် အယူအဆတိုင်း မျက်စဉ်းခပ်လိုက်တဲ့အခါမှာ နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် မျက်မြှေးရောင်ရမ်းမှုကိုခံစားနေရပြီဆိုပါက တတ်ကျွမ်းနားလည်တဲ့ မျက်စိဆရာဝန်နဲ့ သေသေချာချာ သွားရောက်ပြသပြီး ဆရာဝန်လမ်းညွှန်လိုက်တဲ့ မျက်စဉ်းခပ်ခြင်း၊ ဆေးသောက်ခြင်းတို့နဲ့သာ ဖြစ်ပေါ်ခံစားနေရတဲ့ ဝေဒနာကိုကုသမှုခံယူပါလို့ အကြံပေးပါရစေ။

မျက်မြှေးရောင်ရမ်းခြင်းဟာ လူတိုင်းမှာဖြစ်ပေါ်တတ်တဲ့ မျက်စိပြဿနာဖြစ်တယ်ဆိုပေမဲ့လည်း မိမိတို့ရဲ့အနေအထိုင်ပုံစံကို ဂရုတစိုက်ရှိမယ်ဆိုပါက ဖြစ်ခဲတဲ့မျက်စိပြဿနာဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် သင်တို့အနေနဲ့လည်း မျက်မြှေးရောင်ရမ်းမှုကို အောက်ပါနည်းလမ်းအချို့နဲ့ ကာကွယ်နိုင်ပါတယ်။

  • မျက်စိကို လက်နဲ့ အလွယ်တကူမပွတ်ပါနဲ့။
  • လက်ကို မကြာခဏဆိုသလို ဆေးကြောသန့်စင်ပေးပါ။
  • မျက်နှာသုတ်ပုဝါနဲ့ သဘတ်တို့ကို တခြားသူနဲ့အတူမသုံးဘဲ တစ်ကိုယ်ရည်စာသီးသန့်သုံးပါ။
  • သန့်ရှင်းတဲ့တစ်ရှူးနဲ့ အဝတ်တွေကိုပဲ အသုံးပြုပေးပါ။
  • ခေါင်းအုံးစွတ်ကို မကြာခဏလဲလှယ်ပေးပါ။
  • အများသုံးရေကူးကန်ထဲမှာ ရေကူးခြင်းကိုရှောင်ရှားပါ။
  • ဓာတုပစ္စည်းများ (ဥပမာ – အလှကုန်ပစ္စည်းများ) ကို တစ်ယောက်တည်းသီးသန့်သုံးပေးပါ။
  • အလှမျက်ကပ်မှန်ကို အချိန်ကြာမြင့်စွာတပ်ဆင်ခြင်းအား ရှောင်ကြဉ်ပါ။
  • မျက်ကပ်မှန်တပ်စင်ပြီးပါကာလည်း သေချာစနစ်တကျသိမ်းဆည်းပါ။
  • အိပ်ရာမဝင်မှီရေချိုးပေးပါ။

အထက်ပါအကြောင်းအရာတွေကို သေချာလိုက်နာပြီး မျက်မြှေးရောင်ရမ်းခြင်းကနေပြီး ကြိုတင်ကာကွယ်နိုင်ကာ ခန္ဓာကိုယ်မှာ အရေးပါတဲ့ မျက်စိကိုကောင်းစွာစောင့်ရှောက်ထိန်းသိမ်း နိုင်မှာဖြစ်ပါတယ်။

ဒီတစ်ပတ်အတွက် Health Tips အစီအစဉ်လေးကို ဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါတယ်နော်။

ပရိသတ်တွေအားလုံးလည်း မျက်စိနဲ့ပတ်သက်တဲ့ပြဿနာတွေကနေကင်းဝေးပြီး ရွှန်းစိုတောက်ပတဲ့ မျက်ဝန်းလှလှလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ MI Radio ကနေ ဆုတောင်းပေးလိုက်ပါတယ်။

Health Tips, Pink Eyes
Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.